ငါတို့အားလုံးသည် စတား အဝါးခံရသူများ ဖြစ်ကြသည်

ငါတို့အားလုံးသည် စတား အဝါးခံရသူများ ဖြစ်ကြသည်

ခုရက်ပိုင်းတွေအတွင်း ဗမာပြည်မှာ Star War ဇာတ်ကားကြီး ရုံတင်နေပါတယ်။ နိုင်ငံတကာနဲ့ တပြေးညီ ရင်ဘောင်တန်းပြီး မောင်မှန်တို့ ရုပ်ရှင်တော့ ကြည့်ရပါပြီ။ (ကျန်တာတွေလည်း တဖြေးဖြေးတော့ ဖြစ်လာမှာပေါ့နော်) ရုပ်ရှင်တောင်မှ ရိုးရိုး ရုပ်ရှင်မဟုတ်ဘူး။ ကမ္ဘာ့ဝင်ငွေ စံချိန်ချိုးတဲ့ ရုပ်ရှင်၊ 3D မျက်မှန်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်၊ ရှယ်မှ ထူးထူးရှယ်ပါပဲ။ မောင်မှန်တို့ ငယ်ငယ်တုန်းကနဲ့တော့ ကွာပ့ါ၊ မောင်မှန်တို့ ငယ်ငယ်တုန်းကလည်း Star War ကြည့်ခဲ့ရဖူးတယ်။ ရှုမဝ မဂ္ဂဇင်းမှာလား၊ သိပ္ပံ မဂ္ဂဇင်း မှာလား မသိဘူး။ Star War ရုပ်ရှင်ကို မြန်မာဘာသာပြန်ဆိုပြီး ရုပ်ပြကာတွန်းဆွဲကာ အခန်းဆက် ဖော်ပြတာကိုလည်း စောင့်ဖတ်ခဲ့ရဖူးတယ်။ ငယ်ငယ်တုန်းကလည်း Star War ၊ ဒီအရွယ်ကြီးရောက် တဲ့ထိလည်း Star War  က ဟော့နေတုန်းပဲ၊ ဒီတော့ မောင်မှန် မ.ဆ.လ ခေတ်က ကိုဇာဂနာကြီး ပြက်လုံး ပြန်အောက်မေ့မိတယ်၊ စတားတွေပဲ ဝါးနေတာပဲတဲ့။ ဟုတ်ပါတယ်။ ခုထိလည်း စတားတွေ ဝါးနေဆဲပါပဲ။

အရင်က သုံးသီးစားဆိုတာ ရှိတယ်။ နွေစပါးတွေ၊ မိုးစပါးတွေ၊ သီးထပ်သီးညှပ်တွေ ပြောတာ မဟုတ်ပါဘူး။ မ.ဆ.လ ခေတ်တုန်းက ဦးဆုံးစစ်တပ်မှာ လုပ်တယ်။ နောက်တော့ ဌာနဆိုင်ရာ တစ်ခုခု ပြောင်းတယ်။ အဲဒါကိုလွန်ရင် ပါတီ၊ ကောင်စီတစ်ခုခုမှာ ဆက်လက် တာဝန် ထမ်းဆောင်ပါတယ်။ ဒါကို သုံးသီးစားလို့ ပြည်သူတွေက ဝိသေသ ပြုကြတယ်။ Star War တတိယပိုင်းဆိုလည်း မမှားပေ ဘူးပေါ့၊ ဒီဘက်ခေတ်ကျ ပိုဆိုးသေး၊ Star War မဟာဇတ်လမ်းတွဲရှည်ကြီးနဲ့ တိုးတော့တာ၊ နှစ်သီး စားတွေ၊ သုံးသီးစားတွေ မဟုတ်တော့ဘူး၊ တစ်သက်တာ ထာဝရပဲ။

မောင်မှန်တို့ဆီက Star War ဇာတ်လမ်းရှည်ကြီးကို ကြည့်ပြီး အိမ်နီးချင်းတွေကလည်း အားကျ အတုယူတော့တာပဲ၊ သူ Star War ရင် ငါလည်း ဝါးမှာပဲပေါ့၊ သူ့ဘာသူ သူဟာသူဝါးရင် သိပ်အကြောင်းမဟုတ်ဘူးပေါ့ခင်ဗျာ၊ ခုတော့ မောင်မှန်တို့ ပြည်သူတွေနဲ့ တိုက်ရိုက် လာပတ်သက် နေရပါပြီ။ လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကိစ္စပါ၊ ရရှိထားတဲ့ အထောက်အထားတွေ၊ သက်သေခံ တွေအရ၊ မြန်မာလူငယ်နှစ်ယောက်ကို တရားခံသတ်မှတ်ပြီး သေဒဏ်စီရင်ဖို့ မခိုင်လုံတာတော့ အမှန် ပါပဲ၊ ဒီ့အတွက် ပြည်သူတွေ ဆန္ဒပြကြတယ်။ ကာကွယ်ရေး ဦးစီးချုပ်က သဝဏ်လွှာ ပို့တယ်၊ သဝဏ် လွှာမှာ ထိုင်းနိုင်ငံအစိုးရရဲ့ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားပါကြောင်း၊ သို့သော် လည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ၊ မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မမေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုး မဖြစ်စေရန် အရေးကြီးပါကြောင်း၊ ဖော်ပြ ပါရှိပါတယ်။ ၈၈ မျိုးဆက်အဖွဲ့ကလည်း ဒီစီရင်ချက်ကို ကန့်ကွက်ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)ကလည်း သေဒဏ်အမိန့် ချခံရသူ နှစ်ဦးဟာ ထိုင်းရဲများရဲ့ ညဉ်းပန်းနှိပ်စက်မှု ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလို တောင်းဆိုမှုတွေထဲမှာ မောင်မှန်သဘောအကျဆုံး တောင်းဆိုချက်ကတော့ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ရဲ့ ထိုင်းအစိုး ရထံ အိတ်ဖွင့်ပေးစာပါ၊ ဘာလို့ဆို ဒီပေးစာဟာ ပြဿနာရဲ့ ရင်းမြစ်အထိ ဆုပ်ဆုပ်ကိုင်ကိုင် ရှိလု့ိပါ။ ပေးစာမှာ “မိမိတို့တိုင်းပြည်သည် လွတ်လပ်ရေး ရခဲ့ချိန်မှစ၍ ယနေ့ထိတိုင် မိမိတို့ တိုင်းရင်းသား အချင်းချင်းတွင် မကျေအေးနိုင်သော ပြည်တွင်း စစ်နှင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းပြည်၏ အခြေခံ နိုင်ငံရေး ပြဿနာရပ်အား နိုင်ငံရေးအားဖြင့် မဖြေရှင်းနိုင် သေးသည့် အတွက် ပြည်သူလူထုမှာ လူမှုဆင်းရဲ ဒုက္ခမျိုးစုံဖြင့် ချွတ်ခြုံကျလျက်ရှိကြောင်း၊ တိုင်းပြည် ထူထောင်ရေးလည်း ကောင်းစွာ မလုပ်နိုင်ကြသည့်အတွက် အခြေခံ အဆောက်အအုံများလည်း လစ်ဟာလျှက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုက်တက်မှုရှိသည့် အိမ်နီးချင်း နိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှာဖွေလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုမှုများ တစ်နေ့တစ်ခြား တိုးပွားလာလျှက်ရှိပြီး အထူးသဖြင့် ဒေသတွင်းရှိ လူကြီးမင်းတို့ ထိုင်းနိုင်ငံသို့ ပိုမိုလာရောက် အလုပ်လုပ်ကိုင်မှုရှိသည်” လို့ ဖော်ပြ ပါရှိပါတယ်။
UNFC ရဲ့ ဖော်ပြချက်တွေဟာ အမှန်တရား စစ်စစ်တွေပါပဲ၊ ကိုယ့်တိုင်းကိုယ့်ပြည်မှာ စတား တွေ ဝါးတာများလွန်းတော့ ကိုယ်ဝါးစရာ ဘာမှ မကျန်တော့ဘူး၊ ဒီတော့ ဝါးစရာ နည်းနည်းပါးပါး ရနိုင်မယ်ထင်တဲ့ဆီတွေကို ထွက်ပြီး အလုပ်လုပ်ရတယ်၊ ကံအားလျော်စွာ ကိုယ်ရောက်သွားတဲ့ နိုင်ငံကလည်း Star War ပဲဆိုတော့ ဆွမ်းခံရင်းငှက်သင့်တဲ့အခါ Star War ဥပဒေနဲ့ပဲ ညားတော့တာပါ။

ဒီနေရာမှာ RFA ရေဒီယိုနဲ့ ကိုမင်းကိုနိုင် အင်တာဗျူးကို ကောက်နှုတ် တင်ပြလိုပါတယ်။ လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က “ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း က နိုင်ငံခြားဝင်ငွေ အများကြီးရနေတဲ့ နိုင်ငံဖြစ်တယ်၊ ဗြိတိန်နိုင်ငံသားနှစ်ယောက်ကို သတ်တာ ထိုင်းနိုင်ငံသားဆိုလို့ရှိရင် သူတို့ရဲ့ ခရီးသွားလုပ်ငန်း ထိခိုက်သွားနိုင်တယ်။ ဒါကြောင့်မို့ တရားခံအဖြစ် မြန်မာနိုင်ငံသားတွေကို ဇွတ်အတင်း ကြေညာတာ ဖြစ်တယ်” လို့ ပြောသွားပါတယ်။ မရှိလို့ ဟိုဟာ လုပ်စားတာ အကြွေးနဲ့တိုးရုံတင်မကဘဲ AIDS ပါ အဆစ်ရလိုက်တဲ့ သဘောပဲ။
ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် Daily Eleven သတင်းစာထဲက ကာတွန်းဆရာ ဆရာကာလူးရဲ့ ကာတွန်းလေးကလည်း ဒီအခြေအနေကို အားပါးတရကြီး ထင်ဟပ်ပြနေပါတယ်။

ဆိုက်ကားဆရာကြီး နှစ်ယောက် စကားပြောနေတဲ့ပုံပါ၊ တစ်ယောက်က “ကိုယ့်အထဲမှာ တရားမျှတမှုဆိုတာကို မနည်းရှာ နေရတဲ့ ဥစ္စာများ သူများဆီမှာ တရားမျှတမှုဆိုတာ သွားရှာလို့ တွေ့မလား”တဲ့၊ ကျန်တစ်ယောက်က “ဒါပေါ့၊ ဟုတ်တာပေါ့”တဲ့၊ ကာတွန်းလေးက ဒါပါပဲ။ မောင်မှန် ဆက်တွေးရတဲ့ အတွေးတွေကတော့ တစ်ပုံတစ်ပင်ကြီးပါ၊ ကိုပါကြီး ဘာလဲ၊ ဒေါ်ခင်ဝင်း ဘယ်လဲ…စတဲ့ စတဲ့ အတွေးတွေပေါ့ခင်ဗျာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလဆို ကချင်ဆရာမလေးနှစ်ယောက် အဓမ္မကျင့်ပြီး အသက်ခံရတာ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ခုထက်ထိ လက်သည်မပေါ်သေးပါ၊ ဒီတရားခံ အစစ်အမှန် ပေါ်ရေးကလည်း လိပ်ကျွန်းအမှု မတရား ခံရတာလိုပဲ အရေးကြီးတာပဲ မဟုတ်လား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags