COVID-19 မျိုးကွဲသစ် အိုမီခရွန်က အလွန်မြင့်မားတဲ့ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အဖြစ် ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေ ပြင်ဆင်ထားဖို့ WHO ပြော

COVID-19 မျိုးကွဲသစ် အိုမီခရွန်က အလွန်မြင့်မားတဲ့ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အဖြစ် ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေ ပြင်ဆင်ထားဖို့ WHO ပြော

နိုဝင်ဘာ ၂၉

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်ဟာ ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နိုင်ဖွယ် ရှိနေသလို "အလွန်မြင့်မားတဲ့" ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်တစ်ခုအဖြစ် ရှိနေကြောင်းနဲ့ ဧရိယာတချို့မှာ COVID-19 ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်မှုက "ပြင်းထန်ကြီးလေးတဲ့ အကျိုးဆက်တွေ" ကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၉ ရက်မှာ သတိပေးပါတယ်။

ကုလ အေဂျင်စီက ယင်းရဲ့ အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံထံ ပေးထားတဲ့ အကြံပြုချက်ထဲမှာ မြင့်မားတဲ့ ဦးစားပေးသတ်မှတ်ချက်ပါ လူအုပ်စုတွေကို ကာကွယ်ဆေးထိုးနှံမှု အရှိန်မြင့်တင်ဖို့နဲ့ မဖြစ်မနေ လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ထိန်းသိမ်းနိုင်ဖို့အတွက် ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အစီအစဉ်တွေ နေရာတကျ ရှိနေစေအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

"အိုမီခရွန်မှာက ဗိုင်းရပ်စ်ပေါ်က ဆူးချွန် (spikes) သန္ဓေပြောင်းမှုတွေ မကြုံစဖူးအရေအတွက် ရှိနေပြီး အဲဒီထဲက တချို့ဟာ ကပ်ရောဂါရဲ့ လမ်းကြောင်းအပေါ် ယင်းတို့ရဲ့ ဖြစ်နိုင်ဖွယ် သက်ရောက်မှုအတွက် စိုးရိမ်စရာကောင်းနေပါတယ်" လို့ WHO က ပြောပါတယ်။ "ဒီ စိုးရိမ်စရာ မျိုးကွဲဖြစ်တဲ့ အိုမီခရွန်မျိုးကွဲသစ်နဲ့ ပတ်သက်တဲ့ ယေဘုယျ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်နဲ့ပတ်သက်လို့ အလွန်မြင့်မားတယ်လို့ အကဲဖြတ်ပါတယ်" လို့ WHO က သတိပေးပါတယ်။

ယနေ့အချိန်အထိတော့ အိုမီခရွန် မျိုးကွဲနဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုဖြစ်စဉ် မရှိသေးပေမယ့်လည်း အရင် ကူးစက်မှုတွေနဲ့ ကာကွယ်ဆေးတွေကြောင့် ဖြစ်ပေါ်စေတဲ့ ကိုယ်ခံအား အကာအကွယ်ကနေ ဒီ အိုမီခရွန်ရဲ့ ရှောင်တိမ်းနိုင်မယ့် အလားအလာကို အကဲဖြတ်ဖို့ နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုနေသေးတယ်လို့ WHO က ပြောပါတယ်။

"ပြင်းထန်မှုပိုင်း အပြောင်းအလဲတစ်ခုနဲ့ပတ်သက်လို့ ထည့်သွင်းမစဉ်းစားဘဲနဲ့ ကူးစက်မှုတွေ တိုးလာမှုနဲ့တင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေအပေါ် အလွန့်အလွန် တောင်းဆိုမှုတွေကို ဖြစ်စေနိုင်သလို ရောဂါခံစားရမှု အခြေအနေနဲ့ သေဆုံးမှုပိုင်း မြင့်တက်မှုကို ဦးတည်စေနိုင်ပါတယ်၊ ခုခံနိုင်စွမ်း အားနည်းတဲ့ လူအုပ်စုတွေ၊ အထူးသဖြင့် ကာကွယ်ဆေးဖြန့်ကျက်မှု နည်းပါးတဲ့ နိုင်ငံတွေမှာ ရှိတဲ့ ခုခံနိုင်စွမ်း နည်းပါးတဲ့သူတွေအပေါ် သက်ရောက်မှုက ကြီးမားပါလိမ့်မယ်" လို့ ယင်းက ပြောပါတယ်။

ယင်းဟာ လက်ရှိမှာ ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့ထားခဲ့ပြီး နယ်သာလန်၊ ဒိန်းမတ်နဲ့ သြစတြေးလျတို့မှာလည်း ကူးစက်မှုဖြစ်စဉ်သစ်တွေ တွေ့ရှိထားသလို နိုင်ငံအများအပြားဟာလည်း ယင်းမျိုးကွဲပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးဖို့ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်တွေကို ချမှတ်ထားခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း ယင်းရဲ့ နယ်စပ်တွေမှာ နိုင်ငံခြားသားတွေ ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ပြောခဲ့ပြီး အစ္စရေးနိုင်ငံလိုပဲ တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်အစီအမံတွေ ချမှတ်ခဲ့ပါတယ်။

နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ ခရီးသွားလာမှု အစီအမံတွေကို အချိန်နဲ့တပြေးညီ ချိန်ညှိလုပ်ဆောင်ဖို့ အန္တရာယ် အခြေပြု ချဉ်းကပ်လုပ်ဆောင်မှုကို အသုံးပြုသင့်တယ်လို့ WHO က ယင်းရဲ့ လမ်းညွှန်ချက်မှာ ပြောထားပါတယ်။ နောက်ထပ် အကြံပြုချက်တွေကို မကြာမီ ထပ်မံထုတ်ပြန်မယ်လို့ ယင်းက ပြောပါတယ်။

"လူ့ဆဲလ်အပေါ် အခြေချတဲ့နေရာ (RBD)မှာ ဆူးချွန်ပရိုတိန်းရဲ့ သန္ဓေပြောင်းမှု အများအပြား ရှိနေတာ ဖြစ်တဲ့အတွက် အိုမီခရွန်ဟာ ပဋိပစ္စည်းနဲ့ သက်ဆိုင်တဲ့ အကာအကွယ်ကနေ ကိုယ်ခံအားစနစ်ကို ရှောင်တိမ်းနိုင်မှုပိုင်း မြင့်မားတဲ့ အလားအလာတစ်ခု ရှိနေနိုင်ပါတယ်၊ ဒါပေမယ့် ပဋိပစ္စည်းတွေ ပါဝင်ပတ်သက်မှုမရှိတဲ့ ခုခံအားတုံ့ပြန်မှုကနေ ကိုယ်ခံအားဆိုင်ရာ ရှောင်တိမ်းနိုင်မှု အလားအလာက ခန့်မှန်းဖို့ ပိုခက်ခဲပါတယ်" လို့ ယင်းက ပြောပါတယ်။

"ယေဘုယျအားဖြင့်တော့ အိုမီခရွန်ရဲ့ ကိုယ်ခံအားစနစ်ကနေ ရှောင်တိမ်းနိုင်မှု အလားအလာရဲ့ ပမာဏပိုင်းမှာ မသေချာမရေရာမှုတွေ အတန်ငယ် ရှိနေပါတယ်"

လာမည့်အပတ်တွေမှာ နောက်ထပ် ဒေတာအချက်အလက်များ ထွက်ရှိလာဖွယ် ရှိနေပါတယ်။

"ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ COVID-19 ဖြစ်စဉ်တွေ၊ ကူးစက်မှုတွေ ဖြစ်နိုင်တယ်ဆိုပေမယ့် သေးငယ်ပြီး၊ ခန့်မှန်းနိုင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ရှိပါလိမ့်မယ်" လို့ ယင်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly