ဆီးရီးယားမြောက်ပိုင်းတွင် ပေါက်ကွဲမှုသုံးခုဖြစ် ၁၆ဦးသေ လူ ၃၀ ဒဏ်ရာရ

ဆီးရီးယားမြောက်ပိုင်းတွင် ပေါက်ကွဲမှုသုံးခုဖြစ် ၁၆ဦးသေ လူ ၃၀ ဒဏ်ရာရ

ကာမစ်ရှ်လီ၊ ဒီဇင်ဘာ ၃၁ ။            ။ ဒီဇင်ဘာ ၃၀က ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင် သုံးခုတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ဦးသေဆုံး၍ လူ ၃၀ ဒဏ်ရာ ရရှိခဲ့သည်ဟု စောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုက ပြောသည်။ အိုင်အက်စ်က တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဟု ဆိုသည်။

ကာမစ်ရှ်လီမြို့တွင် အသေခံဗုံးခွဲမှုတစ်ခုကြောင့် အနည်းဆုံး ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အေအက်ဖ်ပီသို့ပြောသည်။ အသေခံတိုက်ခိုက်မှုမှာ ခရစ်ယာန်ရပ်ကွက်တစ်ခုရှိ စားသောက်ဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောသည်။

စားသောက်ဆိုင်တစ်ခုအတွင်း အသေခံဗုံးခွဲမှုအပါအဝင် ပေါက်ကွဲမှုသုံးခု ဟာဆာကီပြည်နယ် ကာမစ်ရှ်လီမြို့တွင် ဖြစ်ပွားသည်ဟု စောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာ ရာမိအက်ဘ်ဒဲလ်ရာမန်က   အေအက်ဖ်ပီသို့ ပြောသည်။ တူရကီနယ်စပ်အနီး၊ အီရတ်နှင့် မဝေးလှသော ၎င်းမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများမှာ အိုင်အက်စ်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်ကို ထောက်ခံသော Amag သတင်းအေဂျင်စီက ဖော်ပြသည်။

ကာမစ်ရှ်လီမြို့ကို ဆီးရီးယားအစိုးရနှင့် ကာ့ဒ်အာဏာပိုင်တို့ မျှဝေထိန်းချုပ်ထားသည်။ ကာ့ဒ်တို့က ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်ဝန်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်များ အဖြစ် ကြေညာထားသည်။

အိုင်အက်စ်စစ်သွေးကြွများ ရှေ့တိုးတိုက်ခိုက်ရန် ကြိုးပမ်းနေသော ဟာဆာကီပြည်နယ်၏ လုံခြုံရေးကို ဆီးရီးယားတပ်ဖွဲ့ဝင်များနှင့် အတွေ့အကြုံရင့် ကာ့ဒ်တိုက်ခိုက်ရေးသမားများက ညိနှိုင်း   ဆောင်ရွက်လျက်ရှိသည်။ တိုက်ခိုက်မှုများမှာ အစိုးရတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့်ဇုန်တွင် ဖြစ်ပွားခဲ့သည်ဟု စောင့်ကြည့်အဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly