ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ဂျပန်ကြေညာ

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ဂျပန်ကြေညာ

နိုဝင်ဘာ ၂၉

စိုးရိမ်စရာ အဆင့်သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်ကြောင့် ဂျပန်က ယခုအခါ တင်းကျပ်တဲ့ နယ်စပ် ပိတ်ပင်ကန့်သတ်မှု အစီအမံများ ပြန်လည်ချမှတ်သွားဖို့ ရှိပြီး နိုင်ငံခြားသားအားလုံးကို နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက နိုဝင်ဘာ ၂၉ ရက်မှာ ကြေညာပါတယ်။

"နိုဝင်ဘာ ၃၀ ရက်ကစလို့ ကမ္ဘာတဝန်းက နိုင်ငံခြားသားတွေအပေါ် ပြည်ဝင်ခွင့် ပိတ်ပင်သွားမှာဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်ရဲ့ နယ်စပ်တွေကိုတော့ ကပ်ရောဂါကာလအများစုမှာ ပြည်ပကနေ အသစ်ရောက်လာမယ့် ခရီးသည်တွေကို လုံးလုံးလျားလျားနီးပါး ပိတ်ထားခဲ့တာဖြစ်ပြီး နိုင်ငံခြားသားနေထိုင်သူတွေတောင်မှ ပြီးခဲ့သည့် အချိန်ကာလတစ်ခုအတွင်း နိုင်ငံထဲ ဝင်လို့ မရခဲ့တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်းမှာ ဂျပန်အစိုးရက ယင်းအနေနဲ့ ကာလတို နေထိုင်မယ့် စီးပွားရေးကိစ္စနဲ့ လာတဲ့ ခရီးသွားတွေ၊ နိုင်ငံခြားကျောင်းသားတွေ နဲ့ အခြား ဗီဇာကိုင်ဆောင်ထားသူတွေကို နိုင်ငံထဲ ဝင်ခွင့် ပြုသွားမှာဖြစ်ကြောင်းနဲ့ တိုးရစ်တွေကိုတော့ ဆက်လက်ပိတ်ပင်ထားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဗီဇာကိုင်ဆောင်ထားသူ ၃၇၀,၀၀၀ ခန့် နိုင်ငံထဲ ဝင်ဖို့ စောင့်ဆိုင်းနေကြပြီး ၎င်းတို့ကို တဖြည်းဖြည်းချင်း ဝင်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဖရိကတောင်ပိုင်း ခြောက်နိုင်ငံကနေ ဂျပန်နိုင်ငံထဲ ဝင်ဖို့ ခွင့်ပြုထားတဲ့ ခရီးသွားတွေအနေနဲ့ ဆိုက်ရောက်ချိန်မှာ အစိုးရ သတ်မှတ်ထားတဲ့ အဆောက်အအုံတွေမှာ ၁၀ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ကြောင်း တိုကျိုက နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာထားခဲ့ပါတယ်။ ယင်း အစီအစဉ်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံ ကိုးခုအထိ တိုးချဲ့ထားခဲ့ပါတယ်။

ယင်းအစီအမံဟာ ယခုအခါမှာ တောင်အာဖရိက အပါအဝင် အိမ်နီးချင်း နမ်မီဘီးယား၊ လီဆိုသို၊ အက်စ်ဝါတီနီ၊ ဇင်ဘာဘွေ၊ ဘော့စ်ဝါနာ၊ ဇမ်ဘီးယား၊ မာလာဝီ နဲ့ မိုဇမ်ဘစ် တို့ကနေ လာမယ့် ခရီးသွားတွေအပေါ် သက်ရောက်ပြီ ဖြစ်ပါတယ်။

နောက်ထပ် ကွာရန်တင်း ပိတ်ပင်ကန့်သတ်ချက်တွေကို ဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိထားခဲ့တဲ့ ထပ်တိုး နိုင်ငံ၊ ဒေသ ၁၄ ခုကနေ လာရောက်မယ့်သူတွေအပေါ် ချမှတ်သွားမယ်လို့ ကီရှီဒါက နိုဝင်ဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီး အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ခဲ့တာ မရှိပါဘူး။

ဂျပန်ဟာ အခြား နိုင်ငံတွေထက်စာပါက အိုမီခရွန် မျိုးကွဲကို ဟန့်ထားထိန်းချုပ်ရာမှာ ပိုမို အားကောင်းပြင်းထန်တဲ့ သဘောထားရပ်တည်ချက်တစ်ခု ရှိနေတယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required