အင်တာနက်တွင် နာမည်ကျော်များနှင့် သူတို့၏ ပရိသတ်များကို တရုတ်အစိုးရက နှိပ်ကွပ်မှုများ တိုးမြှင့်ပြုလုပ်

အင်တာနက်တွင် နာမည်ကျော်များနှင့် သူတို့၏ ပရိသတ်များကို တရုတ်အစိုးရက နှိပ်ကွပ်မှုများ တိုးမြှင့်ပြုလုပ်

အင်တာနက်ပေါ်တွင် နာမည်ကျော်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကိုယ်ကျင့်တရားများ၊ ယဉ်ကျေးမှု စံနှုန်းများနှင့် ကိုက်ညီစေရန် တရုတ်အစိုးရက နှိပ်ကွပ်မှုများ တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်ပြုလုပ်ထားကြောင်း ပြည်တွင်း မီဒီယာသတင်းများတွင် နိုဝင်ဘာ ၂၃ ရက်က ဖော်ပြသည်။

တရုတ် ဆိုက်ဘာကဏ္ဍအုပ်ချုပ်ရေးအဖွဲ့၏ နိုဝင်ဘာ ၂၃ ရက် ဖော်ပြချက်တွင် အင်တာနက် စာမျက်နှာများတွင် ရုပ်ဆိုးအကျည်းတန်သော၊ ရိုင်းစိုင်းသော ၊ နာမည်ကျော်ကြားသူတို့၏ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်၍ အတင်းအဖျင်းများအပါအဝင် ယဉ်ကျေးမှု အဆင့်အတန်းနိမ့်သည့် အကြောင်းအရာများ ပြည့်နှက်နေကြောင်း ရေးသားထားသည်။

ယင်းအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်အစိုးရ၏ အင်တာနက် ကြပ်မတ်သည့် ထိပ်တန်းအဖွဲ့အစည်း အနေဖြင့် ဆန့်ကျင်ဖက်လိင်ပုံစံ သရုပ်ဆောင်ထားသော၊ ယဉ်ကျေးမှုမရှိသော၊ ပရိသတ်များက နာမည်ကျော်များအအပေါ် မျက်ကန်းအားကျ အတုယူမှုဖြစ်စေသည့် အကြောင်းအရာများအပါအဝင် ပိန်ဖျင်းသောကိစ္စရပ်များကို အားပေးသည့် အင်တာနက်ပေါ်တွင် ရေးသားဖော်ပြချက်များ မဖြစ်စေရန် အမည်ပျက်စာရင်းတစ်ခုကို ပြုစုပြန်သွားမည်ဖြစ်ကြောင်း Global Times တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသရုပ်ဆောင်အနုပညာအသင်းကလည်း နာမည်ကျော် ၈၈ ဦးနှင့် သက်ဆိုင်သည့် အွန်လိုင်းမှ တိုက်ရိုက်ဖျော်ဖြေသရုပ်ဆောင်မှုများအပေါ် ၉ ကြိမ်မြောက် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ သတိပေးခံရသူများတွင် တရုတ်-ကနေဒါပေါ့ပ်အဆိုတော် ခရစ်ဝူယိဖန်းလည်းပါဝင်ကြောင်း သတင်းတွင် ရေးသားထားသည်။

ထို့ပြင် အစိုးရအနေဖြင့် နာမည်ကျော်များ၊ ၎င်းတို့ပရိသတ်များ၏ အုပ်စုလိုက်လူမှုမီဒီယာအကောင့်များကိုလည်း ပိုမိုစောင့်ကြည့်ရန် စီစဉ်ထားသည်။

သန့်ရှင်းသည့် အင်တာနက်နှင့် ရုပ်သံ တင်ဆက်မှုများကို ထူထောင်နိုင်ရန် လွန်ခဲ့သည့် လများအတွင်း တရုတ်အစိုးရက ဆောင်ရွက်ခဲ့မှုများတွင် အမျိုးသားများက အမျိုးသမီးပုံစံ သရုပ်ဆောင်ခြင်းနှင့် အခြား ပုံမှန်မဟုတ်သည့် အလှပြင်ဆင်ခြင်းများကို တားမြစ်ခြင်းတို့ ပါဝင်သည်။

တရုတ်အာဏာပိုင်များက အရွယ်မရောက်သေးသူများ အင်တာနက်အသုံးပြုခြင်းကိုလည်း ထိန်းချုပ်လျက်ရှိသည်။ တရုတ်အင်တာနက်အသုံးပြုသည့် မူဝါဒတွင် ဆိုရှယ်လစ်တန်ဖိုးများကို အွန်လိုင်းပေါ်မှ မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှုရှိသော အင်တာနက်အသုံးပြုမှုကို တည်ဆောက်ရေးတို့ ပါဝင်သည်။

အင်တာနက် လုပ်ငန်းကြီးများဖြစ်သည့် Tencent နှင့် NetEase တို့အပါအဝင် ကုမ္ပဏီပေါင်း ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် တရုတ်နို်ငငံ၏ ဗီဒီယိုဂိမ်းလုပ်ငန်းများ အသင်းက အစိုးရ၏ မူဝါဒကို လိုက်နာမည်ဖြစ်ကြောင်း ကတိပြုခဲ့ရာတွင် အမျိုးသားများက အမျိုးသမီးပုံစံ သရုပ်ဆောင်ခြင်းနှင့် ဗီဒီယိုဂိမ်းများတွင် မသင့်တော်သည့် အကြောင်းအရာများအား တားမြစ်ခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly