Beijing News သတင်းဌာနကို တည်ထောင်သူ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

Beijing News သတင်းဌာနကို တည်ထောင်သူ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

Beijing News ၏ ပူးတွဲတည်ထောင်သူနှင့် ထုတ်ဝေသူ ဒိုင်ကျီဂန်သည် လာဘ်ပေးလာဘ်ယူမှုဖြင့် ပေကျင်းမြို့ရှိ တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။

လျှို့ဝှက်ရုံးတင်စစ်ဆေးခြင်းကြောင့် ဒိုင်ကျီဂန် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်ဟု Radio Free Asia သတင်းတွင် ဖော်ပြခဲ့သည်။

ဒိုင်၏ ပိုင်ဆိုင်မှု ယွမ် ၁၆ သန်းကျော်ကို တရားရုံးက သိမ်းဆည်းခဲ့ပြီး ယင်းတို့ထဲမှ အချို့ကို ရောင်းချခဲ့ကြောင်း တရားရုံးမှတ်တမ်းများကို ကိုးကား၍ Radio Free Asia သတင်းတွင် ဖော်ပြထားသည်။

ဒိုင်သည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ စည်းကမ်းထိန်းသိမ်းရေးဌာနမှ ၂၀၁၉ခုနှစ် ဇွန်လတွင် စည်းကမ်းဥပဒေအား ပြင်းထန်စွာ ချိုးဖောက်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများ၏ အရင်းအမြစ်များကို ကိုးကား၍ Radio Free Asia သတင်းတွင် ထည့်သွင်း ဖော်ပြထားသည်။

ဒိုင်က ပြင်းထန်စွာ ပြန်လည်ပညာပေးမှုအစီအစဉ်အပြီးတွင် အဓမ္မလုပ်အားပေးခိုင်းစေခံရကြောင်း ထောင်တွင်း မှ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

ဒိုင်သည် ရုပ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်နေပြီး ခြေသလုံးများ ရောင်ရမ်းကာ တစ်နေ့လျင် ၇ နာရီကြာ အဓမ္မအလုပ်ခိုင်းစေခံရကြောင်း စာထဲတွင် ဖော်ပြခဲ့သည်။

ပေကျင်းသတင်းကို ပူးတွဲတည်ထောင်သူ ဝါရင့်သတင်းစာဆရာကြီး ချန်ယိကျုံးက ပေါက်ကြားလာသည့် ထောင်ထဲမှ စာသည် တရားဝင်ကြောင်း ယုံကြည်သည်ဟု RFA သတင်းမှာ ဖော်ပြထားသည်။

၎င်းအမှုနှင့်ပတ်သက်သည့် အချက်အလက်ကို လူသိရှင်ကြားမထုတ်ပြန်ခဲ့ပဲ ရုံးတင်စစ်ဆေးခြင်းအား လျှို့ဝှက်ပြုလုပ်ခဲ့ကြောင်း ချန်ယိကျုံးက ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly