တရုတ်က သဘောတူညီချက်များကို ချိုးဖောက်နေခြင်းကြောင့် အိန္ဒိယနှင့် ဆက်ဆံရေး ဆိုးရွားသည့် အဆင့်သို့ ရောက်ရှိနေ

By LatestLY
29 November 2021
တရုတ်က သဘောတူညီချက်များကို ချိုးဖောက်နေခြင်းကြောင့် အိန္ဒိယနှင့် ဆက်ဆံရေး ဆိုးရွားသည့် အဆင့်သို့ ရောက်ရှိနေ

တရုတ်၏ လုပ်ရပ်များနှင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား သဘောတူညီချက်များကို တရုတ်က ချိုးဖောက်နေသလို ယင်းကိစ္စ အတွက် တိကျသေချာသည့် ရှင်းလင်းချက်မရှိမှုကြောင့် အိန္ဒိယနှင့် တရုတ်အကြား ဆက်ဆံရေးမှာ ဆိုးရွားနေသည့် အဆင့်ကို ရောက်ရှိနေရသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက နိုဝင်ဘာ ၁၉ရက်တွင် ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် Bloomberg New Economic Forum ၏ "အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှု: ထွန်းသစ်စ ကမ္ဘာ့အစီအစဉ်သစ်" ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဂျိုင်းရှန်ကာက တရုတ်ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးကို မည်သည့်အခြေအနေတွင် ထားရှိချင်သည်ဆိုသော မေးခွန်းကို ဖြေကြားရမည်ဟု ပြောကြားခဲ့သည်။

“နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို တရုတ်က သံသယရှိမယ် မထင်ပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးပါပြီ။ ခင်ဗျားတို့ သိပြီးဖြစ်မှာပါ။ ကျွန်တော် က ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆီလျော်ပြီး နားလည် လွယ်အောင် ပြောပြီးပါပြီ။ မရှင်းစရာဘာမှမရှိဘူး။ သူတို့ ကြားချင်စိတ်ရှိရင် ကြားပါလိမ့်မယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက ပြောကြားခဲ့သည်။

“ဒါပေမယ့် ပြဿနာက အိန္ဒိယက ဘယ်နေရာမှာ ရပ်တည်နေလဲ၊ တချို့က တရုတ်နဲ့ ဆိုင်တယ်၊ ကျွန်တော်တို့က အိမ်နီးချင်းတွေဖြစ်ပြီး ဆက်ဆံရေးက အလွန်ဆိုးရွားတဲ့ အဆင့်တွေကို ဖြတ်ကျော်နေရပြီး သူတို့က သဘောတူညီချက်တွေကို ချိုးဖောက်ပေမယ့် ယုံကြည်လောက်တဲ့ ရှင်းပြချက်မပေးသေးဘူး။ တချို့ကတော့

ဒီဖြစ်ရပ်တွေက ကျွန်တော်တို့ဆက်ဆံရေးကို ဘယ်လိုဖြစ်စေချင်နေတာလို့ ပြန်စဉ်းစားစေတယ်လို့ ပြောပေမယ့် ဒါကို သူတို့ပဲ အဖြေပေးရမှာပါ” ဟု အရှေ့ပိုင်းလာဒတ်ချ် နယ်စပ် တိုက်ပွဲကို ရည်ညွှန်းပြီး ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် အရှေ့ပိုင်းလာဒတ်ချ် နယ်စပ်တွင် နှစ်နိုင်ငံတင်းမာမှုများဖြစ်ပွားခဲ့သည်။ ပန်ဂွန်းရေကန် ဧရိယာများတွင် နှစ်ဖက် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

၂၀၂၀ပြည့်နှစ်က တရုတ်စစ်တပ်၏ လုပ်ဆောင်ချက်များ အပြီးတွင် အမှန်တကယ် ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်ရှိ ပဋိပက္ခဖြစ်လွယ်သော နေရာများနှင့် ပတ်သက်ပြီး သဘောတူညီချက်မရခြင်းက အခြေအနေကို ရှေ့မတိုးနောက်မဆုတ် ဖြစ်နေစေသည်။

ပန်ဂွန်ဆိုနှင့် ဂိုဂရာ ကဲ့သို့သော နယ်မြေများအတွက် အကြိမ်ပေါင်းများစွာ ဆွေးနွေးပွဲများအပြီးတွင် နှစ်ဖက်တပ်များ ဆုတ်ခွာသွားသော်လည်း ရေပူစမ်းနယ်မြေတွင်မူ သဘောတူညီမှုမရသေးပေ။

နိုဝင်ဘာ ၁၈ရက်တွင် အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်ရေးရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly