ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် ဖိအားများကို ကိုင်တွယ်နိုင်စွမ်းရှိသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြောဆို

ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် ဖိအားများကို ကိုင်တွယ်နိုင်စွမ်းရှိသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြောဆို

ဒီဇင်ဘာ ၃၁၊ လန်ဒန်။           ။ အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးက ၎င်းတို့အနေနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း   ပြောဆိုသွားခဲ့သည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အပြီးတွင် ၃၉ မှတ်ရရှိထားပြီး ရမှတ်တူလက်စတာထက် ဂိုးကွာခြားချက်အသာဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည်။

သို့ရာတွင် အာဆင်နယ်အနေနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူရန် ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဖိအားများကို အကောင်းဆုံးကျော်လွှားနိုင်ရန် လိုအပ်ကြောင်း မီဒီယာများက ဖော်ပြနေကြရာ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့် ဆုဖလားယူဖူးသည့်အသင်းမှာ အာဆင်နယ်တစ်သင်းသာရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အာစင်ဝင်းဂါးက “လူတွေက ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်နေကြပါတယ်။ ကျွန်တော်ကတော့ ဒီအတွက်စိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီလုံး တစ်ပွဲမှမရှုံးဘဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့တစ်ခုတည်းသော အသင်းဖြစ်လို့ပါ။

ပရီးမီးယားလိဂ်ဖလားကို ဘယ်သူမှမလိုချင်ဘူးလို့ပြောတာကို ကျွန်တော်ကြားဖူး ပါတယ်။ တကယ်တော့ ဒါက မဟုတ်ပါဘူး။ လူတိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လိုချင်ကြတာချည်းပါပဲ။

ဘာလို့လဲဆိုတော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့တအားကိုခက်ခဲပါတယ်။ အချက်အလက်အရကြည့်မယ်ဆိုရင် နောက်ဆုံး ၁၁ ရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို နှစ်သစ်မှာဦးဆောင်နိုင်တဲ့ အသင်း ၈ သင်းက ရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း အဲဒီလို လုပ်နိုင်စွမ်းရှိပါတယ်”ဟု ဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် လက်ရှိတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များဝယ်ယူပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောဆိုခဲ့သည်။

ဒေးလီးမေးလ်၏ ပင်တိုင်ဆောင်းပါးရှင် လီဗာပူးလ်ကစားသမားဟောင်းကာရေဂါကလည်း အာဆင်နယ်အနေနှင့် ယခုနှစ်ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူရန်ကြိုးစားသင့်ကြောင်း အကယ်၍ ယခုနှစ်ချန်ပီယံဆုကိုသာ ရယူနိုင်ခြင်းမရှိပါက နောက် ၁၀ နှစ်အထိ မျှော်မှန်း နိုင်မည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း-ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly