အိန္ဒိယ၏ ထောက်ခံမှုဖြင့် ရုရှားနိုင်ငံအား အိန္ဒိယသမုဒ္ဒရာအနားစွန်းနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခွင့်ပြု

အိန္ဒိယ၏ ထောက်ခံမှုဖြင့် ရုရှားနိုင်ငံအား အိန္ဒိယသမုဒ္ဒရာအနားစွန်းနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခွင့်ပြု

ရုရှားနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုဖြင့် အိန္ဒိယသမုဒ္ဒရာအနားစွန်းနိုင်ငံများအဖွဲ့အစည်း (IORA) သို့ ဝင်ရောက်ခွင့်ရရှိသွားပြီး အဆိုပါအဖွဲ့၏ နှစ်စဉ် ထိပ်သီးဆွေးနွေးပွဲကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

ယခုကဲ့သို့ ဝင်ရောက်ခွင့် ရရှိလာခြင်းကြောင့် တရုတ်က သိသိသာသာ အင်အားတိုးချဲ့နေသည့် ဒေသတွင်း၌ ရှရှား၏ အရေးပါမှုကို အားကောင်းလာစေမည်ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘာပတိအဖြစ် ကျင်းပခဲ့သည့် IORA နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ရုရှားအား IORA ၏ ဆွေး‌နွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

တရုတ်က ပိုမိုအင်အားတိုးချဲ့လာခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာဒေသတွင် ရုရှား၏ အခန်းကဏ္ဍပိုမိုအားကောင်း လာစေရန် အိန္ဒိယအနေဖြင့် ပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိရာတွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဆွေးနွေးပွဲ (2+2) သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုရရှိလာစေမည်ဖြစ်သည်။

ရုရှားအစိုးရ သတင်းရင်းမြစ်တစ်ဦးက “မိမိတို့၏ နိုင်ငံ၏ လျှောက်ထားမှုကို ထောက်ခံပေးခဲ့သည့်အတွက် အိန္ဒိယ မိတ်ဆွေများအပါအဝင် အဖွဲ့ဝင်နိုင်ငံများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ နို်ငငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ အပေါ်အခြေခံ၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ရုရှား၏ အပြုသဘောပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍအား ယခုဆုံးဖြတ်ချက်ဖြင့် ကျယ်ပြန့်စွာ အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာသည် ငြိမ်းချမ်းသောဇုန်တစ်ခုအဖြစ် ကြေညာထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၈၃၂ ကို မမှိတ်မသုန် ထောက်ခံခြင်းဖြင့်

ရုရှားနိုင်ငံသည် IORA ဆွေးနွေးဖက်နိုင်ငံအဖြစ် ပင်လယ်ဓားပြနှိမ်နှင်းရေးအပါအဝင် ပင်လယ်ရေကြောင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာကဲ့သို့ နယ်ပယ်များတွင် အဖွဲ့၏ ရည်မှန်းချက်များအား အကောင်အထည်ဖော်ရာတွင် ထိရောက်စွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ဒေသတွင်း တရုတ်က ကြီးမားစွာ အင်အားတိုးချဲ့ခြင်းကို ချိန်ညှိနိုင်ရန် ဗဟိုအာရှတွင် အိန္ဒိယ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာစေရေးကို ရုရှား လိုလားသော်လည်း အိန္ဒိယကလည်း ရုရှားအနေဖြင့် အိန္ဒိယသမုဒ္ဒရာဒေသတွင် အခိုင်အမာ ပါဝင်လာနိုင်ရေးကို လိုလားလျက်ရှိသည်။

အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၅ နှစ်အစီအစဉ် လမ်းပြမြေပုံတစ်ရပ်ကို ရုရှားက မကြာသေးမီက ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly