ဖိလစ်ပိုင်ကဲ့သို့သော မဟာမိတ်များကို တရုတ် တိုက်ခိုက်ပါက ကာကွယ်ရေး သဘောတူစာချုပ်အရ ဆောင်ရွက်ရမည်ဟု အမေရိကန် ပြောကြား

ဖိလစ်ပိုင်ကဲ့သို့သော မဟာမိတ်များကို တရုတ် တိုက်ခိုက်ပါက ကာကွယ်ရေး သဘောတူစာချုပ်အရ ဆောင်ရွက်ရမည်ဟု အမေရိကန် ပြောကြား

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်ရေတပ်ထောက်ပို့သင်္ဘောများအား အားပြင်းရေပိုက်များဖြင့် ထိုးသည့် တရုတ်၏ လုပ်ရပ်သည် အန္တရာယ်များပြီး၊ ရန်စသော၊ တရားမျှတမှုမရှိသောလုပ်ရပ်ဟု အမေရိကန်က နိုဝင်ဘာ ၁၉ရက်တွင် ထုတ်ပြန်လိုက်ပြီး ဖိလစ်ပိုင်သင်္ဘောများကို လက်နက်ဖြင့် တိုက်ခိုက်ပါက အမေရိကန်က အပြန်အလှန်ကာကွယ်ရေးကတိကဝတ်များအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုများ တိုးမြင့်လာချိန်တွင် အမေရိကန်အစိုးရ သည် မဟာမိတ် ဖိလစ်ပိုင်ဘက်မှ ရပ်တည်နေကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ပြောကြား ခဲ့သည်။

ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်တွင် ဖိလစ်ပိုင်၏ တရားဝင် လုပ်ဆောင်မှုများကို တရုတ်က ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ကြောင်း ကြေညာချက်တွင် သူက ပြောကြားထားသည်။

“စည်းမျဉ်းအခြေခံသည့် နိုင်ငံတကာ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် အမေရိကန် က ဖိလစ်ပိုင်မဟာမိတ်များနှင့် အတူ ရပ်တည်ပြီး တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင် သင်္ဘောများ ကို လက်နက်ဖြင့် တိုက်ခိုက်ခြင်းက အမေရိကန်နှင့် အပြန်အလှန် ကာကွယ်ရေး ကတိကဝတ်တွေကို ထိခိုက်စေမှာပါ” ဟု ပရိုက်က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင် လောရင့်ဇာနာ နှင့် နိုဝင်ဘာ ၁၉ရက်က ဖုန်းဖြင့် ပြောဆိုမှုအတွင်း မိမိတို့၏ ဖိလစ်ပိုင် မဟာမိတ်များနှင့်အတူ ရပ်တည်မည်ဟု အမေရိကန်၏ ကာကွယ်ရေး ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့သည်။

“တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကို သူတို့က သဘောတူခဲ့ကြပြီး လာမယ့်ရက်တွေမှာ အနီးကပ် ဆက်သွယ်ဆောင်ရွက်ရန် ကတိပြုထားပါသည်” ဟု ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်သိမ်းပိုက်ထားသော ကျွန်းသို့သွားနေသော ထောက်ပံ့ရေးသင်္ဘောများကို တရုတ်ကမ်းခြေစောင့်သင်္ဘော ၃ စင်းက ပိတ်ဆို့ကာ အားပြင်းရေပိုက်များ အသုံးပြုခဲ့သည့် လုပ်ရပ်ကို ဖိလစ်ပိုင်က နိုဝင်ဘာ ၁၈ရက်တွင် အပြင်းထန်ဆုံး ရှုတ်ချခဲ့သည်။

အင်အားကြီးနိုင်ငံများအကြား ပြင်းထန်ကြမ်းတမ်းသော ပြိုင်ဆိုင်မှုများမှတဆင့် ပဋိပက္ခမဖြစ်ပေါ်စေရန် ရည်ရွယ်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့က ယခုသီတင်းပတ်အတွင်း ၃ နာရီခွဲကြာ အွန်လိုင်းအစည်းအဝေးပွဲတစ်ခု ပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် ယင်းမတော်တဆမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly