ကမ္ဘာနှင့် သီးသန့်ဖြစ်နေပါက တရုတ်နိုင်ငံ မဖွံ့ဖြိုးနိုင်ဟု တရုတ် ဒုသမ္မတ ပြောကြား

ကမ္ဘာနှင့် သီးသန့်ဖြစ်နေပါက တရုတ်နိုင်ငံ မဖွံ့ဖြိုးနိုင်ဟု တရုတ် ဒုသမ္မတ ပြောကြား

တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ ဝမ်ချီရှန်းက နိုင်ငံအများသည် အမျိုးသားလုံခြုံရေးအတွက် အတားအဆီးများ တိုးမြှင့်လာချိန်တွင် တရုတ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လမ်းဖွင့်ပေးသွားမည်ဟု အတည်ပြုလိုက်ပြီး တရုတ်နှင့် ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုသည်။

“ကမ္ဘာကြီးနဲ့ သီးခြားဖြစ်နေတဲ့ တရုတ်နိုင်ငံက မဖွံ့ဖြိုးနိုင်သလို တရုတ်မပါရင်လည်း ကမ္ဘာကြီးက မဖွံ့ဖြိုးနိုင်ပါဘူး။ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်း လုပ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုကို တိုးချဲ့ဖို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို မယိမ်းယိုင်စေရပါဘူး” ဟု မစ္စတာဝမ်က စင်ကာပူနိုင်ငံတွင်ကျင်းပသော Bloomberg New Economy Forum ၌ နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်ပြီး “ရှေ့လျှောက် တရုတ်နိုင်ငံဟာ ဆက်လက်လမ်းဖွင့်ထားမှာဖြစ်ပြီး ကမ္ဘာကို စျေးကွက်ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာကြီးအတွက် တိုးတက်မှုအခွင့်အလမ်းတွေ ပိုမိုပေးဆောင်သွားမှာပါ။ မွန်မြတ်တဲ့ ကမ္ဘာ့စီးပွားရေးနှင့် လူသားတွေအတွက် မျှဝေခံစားနိုင်တဲ့အနာဂတ်ရှိတဲ့ အသိုက်အဝန်းတစ်ခု တည်ဆောက်ရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်သွားမှာပါ” ဟု ဝမ်က ဆိုသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟန့်ပေါဆန်က တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ခံပြီး ပြိုင်ဆိုင်မှုအတွက် ပွင့်ပွင့်လင်းလင်းရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အွန်လိုင်းဆွေးနွေးပွဲကျင်းပပြီးနောက် ၁ ရက်အကြာတွင် ဒုသမ္မတ မစ္စတာဝမ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့အနာဂတ်ကို သက်ရောက်မှုရှိပြီး နှစ်ဖက်စလုံးသည် သမ္မတနှစ်ဦးကြားရှိ အရေးကြီးသော ဘုံနားလည်မှုအပေါ် ဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလေးထားမှုများကို ထိန်းသိမ်းရန်နှင့် မတူကွဲပြားမှုများကို စီမံခန့်ခွဲထိန်းချုပ်ရန်တို့ကို လုပ်ဆောင်သင့်ကြောင်း မစ္စတာဝမ်က ပြောကြားခဲ့သည်။

၃ ရက်ကြာကျင်းပသည့် New Economy Forum ကို Bloomberg News ၏ မိခင်ကုမ္ပဏီ Bloomberg ဌာနခွဲတစ်ခုဖြစ်သော Bloomberg Media Group မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly