ဟိုဖိတ်ကျေးရွာသား ၇ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း KHRG အဖွဲ့ထုတ်ပြန်

ဟိုဖိတ်ကျေးရွာသား ၇ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း KHRG အဖွဲ့ထုတ်ပြန်

နိုဝင်ဘာ ၂၆

ကယား (ကရင်နီ) ပြည်နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု ၊ ဟိုဖိတ်ကျေးရွာသား ခုနှစ်ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ခမရ (၄၂၇) တပ်ရင်းအထိ ခေါ်ဆောင်သွားခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) က ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီကျော်တွင် ဟိုဖိတ်ကျေးရွာအနီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်နှင့် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာ အဖြစ် ထိုရွာသားခုနှစ်ဦးကို အသုံးပြုပြီး တပ်ဆုတ်ခွာသွားခြင်း ဖြစ်သည်ဟု KHRG အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲတွင် KNDF ရဲဘော်လေးဦး လက်နက်ငယ်ကျည်ထိမှန် ကျဆုံးသွားကြောင်း ယမန်နေ့ နံနက်ပိုင်းတွင် KNDF ပြောခွင့်ရသူက မဇ္ဈိမကို အတည်ပြုထားသည်။

တိုက်ပွဲကြောင့် ဟိုဖိတ်ကျေးရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံလိုက်ရသော ဒေသခံ ခုနှစ်ဦးကိုမူ ထိုနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

KHRG က ပြုစုထားသော မှတ်တမ်းများအရ ယခုကဲ့သို့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုသည့် ဖြစ်ရပ်သည် ငါးကြိမ်ရှိပြီဖြစ်ပြီး ဖယ်ခုံမြို့နယ်တွင် နှစ်ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် တစ်ကြိမ်နှင့် ဖရူဆိုမြို့နယ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်း ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သော လူသားဒိုင်း အသုံးပြုခြင်း၊ ကျေးရွာများအတွင်း မြေမြှုပ်မိုင်းထောင်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းနှင့် ဘာသာရေးအဆောက်အအုံများတွင် တပ်စွဲခြင်း၊ ပစ်မှတ်ထားတိုက်ခိုက် ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်ဟု KHRG အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

ဓာတ်ပုံ (KHRG) (အောက်တိုဘာလအတွင်း လူသားဒိုင်းကာအဖြစ် အသုံးပြုခံခဲ့ရသော ဖယ်ခုံမြို့နယ်က ဒေသခံတချို့ကို တွေ့ရစဉ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly