ကွင်းလယ်ကစားသမား ဂျော့ဒ်အား ဟံသာဝတီအသင်း စာချုပ်သက်တမ်းတိုး

ကွင်းလယ်ကစားသမား ဂျော့ဒ်အား ဟံသာဝတီအသင်း စာချုပ်သက်တမ်းတိုး
ဟံသာဝတီအသင်း ကွင်းလယ်ကစားသမား ဂျော့ဒ်။ (ဓာတ်ပုံ - ဟံသာဝတီယူနိုက်တက်)

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ဟံသာဝတီယူနိုက်တက် ဘောလုံး အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် အသင်း၌ ခြေစွမ်းပြနိုင်ခဲ့သည့် ကွင်းလယ်ကစားသမား ဂျော့ဒ်အား တစ်ရာသီစာ စာချုပ်သက်တမ်းတိုးခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ဘောလုံးရာသီသစ်အတွက် တိုက်စစ်မှူး ဘမ်ဘာကို စာချုပ် သက်တမ်းတိုးခဲ့ပြီး လက်ရှိ အချိန်တွင် ကွင်းလယ်လူ ဂျော့ဒ်ကို ထပ်မံ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်း သည် ဘရာဇီးလူမျိုး တိုက်စစ်မှူးတစ်ဦးကို ခြေစွမ်းစမ်းသပ်နေပြီး အဆိုပါတိုက်စစ်မှူးအား ခေါ်ယူရန် ရာခိုင်နှုန်းများနေသည်။ ' ရတနာပုံမှာ ကစားခဲ့တဲ့ ကိုနေးက ၁၀၀ ရာခိုင်နှုန်းပြည့် မဖြစ်လို့ သူ့ကို စာချုပ်မချုပ်ဘူး။ ဒုတိယအကျော့မှာ စာချုပ် ချုပ်မယ်။ ဘရာဇီးလူမျိုး တိုက်စစ်မှူးနဲ့ စကားမပြောရသေးဘူး။ လစာကိစ္စပဲ ပြောဖို့ ကျန်တော့တယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဘရာဇီးတိုက်စစ်မှူးကို ခေါ်ဖြစ်၊ မခေါ်ဖြစ် သိရမှာပါ'ဟု ဟံသာဝတီယူနိုက်တက်အသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းက မဇ္ဈိမသို့ ပြောသည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့တွင် အိမ်ကွင်း အသုံးပြုရန် ပြင်ဆင်နေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အသင်း ကစားသမားအင်အားတောင့် တင်းစေရန် ကစားသမားများ ဖြည့်တင်းလျက်ရှိသည်။ ထို့ပြင် ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီ အကြို ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲ လေးပွဲကစားခဲ့ပြီး သုံးပွဲနိုင်၊ တစ်ပွဲ သရေ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly