ဝူဟန်ကိုဗစ်သတင်းရေးသားခြင်းကြောင့် အကျဉ်းကျနေသော သတင်းထောက်ကို လွှတ်ပေးရန် တရုတ်အစိုးရအား ကုလတိုက်တွန်း

ဝူဟန်ကိုဗစ်သတင်းရေးသားခြင်းကြောင့် အကျဉ်းကျနေသော သတင်းထောက်ကို လွှတ်ပေးရန် တရုတ်အစိုးရအား ကုလတိုက်တွန်း

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ် တုံ့ပြန်မှုအကြောင်း သတင်းဖော်ပြမှုအတွက် အကျဉ်းကျနေကာ အစာငတ်ခံဆန္ဒပြမှုကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသော အလွတ်သတင်းထောက်တစ်ဦးကို လွှတ်ပေးရန် တရုတ်အား ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

အသက် ၃၈ နှစ်အရွယ် ကျန်းကျန်း၏ ကျန်းမာရေးသည် အလျင်အမြန်ပင် ဆိုးရွားနေပြီး အစာငတ်ခံဆန္ဒပြမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ သတိပေးချက်ထုတ်ပြန်ခဲ့သည်။

"အနည်းဆုံးတော့ လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်နဲ့ ကျန်းကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရေး စဉ်းစားဖို့နဲ့ သူ့ဆန္ဒနဲ့သူ့ဂုဏ်သိက္ခာကို လေးစားပြီး အရေးပေါ် အသက်ကယ်တဲ့ ဆေးကုသမှုတွေ လုပ်ဆောင်ပေးဖို့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာတာဟာတာဒိုက ပြောသည်။

ရှေ့နေဟောင်းဖြစ်သူ ကျန်းသည် ကပ်ရောဂါ၏ဗဟိုချက်တွင် မငြိမ်မသက်ဖြစ်မှုများကို သတင်းပို့ရန် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ဝူဟန်သို့ သို့သွားရောက်ခဲ့ပြီး ရောဂါဖြစ်ပွားမှုအပေါ် အာဏာပိုင်များ၏ ကိုင်တွယ်ဖြေရှင်းပုံကို စမတ်ဖုန်းဗီဒီယိုမှတစ်ဆင့် မေးခွန်းထုတ်ခဲ့သည်။

သူမကို ၂၀၂၀ ခုနှစ် မေလတွင် ထိန်းသိမ်းခဲ့ပြီး သဘောထားကွဲလွဲသူများကို နှိမ်နှင်းရာတွင် အသုံးပြုလေ့ရှိသည့် စွဲချက်ဖြစ်သော ရန်စမှုနှင့် ပြဿနာလှုံ့ဆော်မှုဖြင့် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသည်။

သူမသည် ပြစ်ဒဏ်စီရင်ခံရမှုနှင့်ထောင်သွင်းအကျဉ်းချခံရမှုကို ဆန့်ကျင်ကာ အစာငတ်ခံဆန္ဒပြမှု အများအပြား ပြုလုပ်ခဲ့ပြီး ကိုယ်အလေးချိန် ဆိုးဆိုးရွားရွား ကျဆင်းလာကာ ကြာကြာ အသက် မရှင်နိုင်ကြောင်း သူမမိသားစုက မကြာသေးခင်က သတိပေးခဲ့သည်။

ကျန်းသည် ဝူဟန်မှသတင်းပေးပို့ပြီးနောက် ချန်းချိုရှီး၊ ဖန်ဘင်းနှင့် လီကျဲ့ဟွာတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော အလွတ်သတင်းထောက် ၄ ဦးအနက် တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly