ဘူတန်-တရုတ်နယ်စပ်ဆွေးနွေးညှိနှိုင်းမှုအခြေအနေများ

ဘူတန်-တရုတ်နယ်စပ်ဆွေးနွေးညှိနှိုင်းမှုအခြေအနေများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ဘူတန်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ရေပိုင်နက်နှင့်နယ်စပ်မြေ အငြင်းပွားမှုများရှိနေသည်။

ဘူတန်သည် တရုတ်နိုင်ငံနှင့် ကီလိုမီတာ ၄၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ကို မျှဝေထားသည်။ မကြာသေးမီက ဘူတန်နှင့် တရုတ်တို့သည် ဘူတန်-တရုတ် နယ်နိမိတ် ညှိနှိုင်းမှု အရှိန်မြှင့်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ၌ ကူမင်းတွင် ၁၀ ကြိမ်မြောက် ကျွမ်းကျင်သူအဖွဲ့ အစည်းအဝေးတွင် လမ်းပြမြေပုံကို အပြီးသတ်ခဲ့သည်ဟု ယုံကြည်ရသည်။ လမ်းပြမြေပုံတွင် မူဘောင်တစ်ခုကို ဦးစွာသတ်မှတ်ခြင်း၊ မြေပုံများလဲလှယ်၍ သီးခြားအငြင်းပွားမှုများကို အတည်ပြုခြင်းနှင့် ဖြေရှင်းခြင်းအဆင့်တို့ ပါဝင်သည်။

အိန္ဒိယရှိ ဘူတန်သံရုံးသည် လမ်းပြမြေပုံများ၏ အသေးစိတ်အချက်များအပေါ် မှတ်ချက်တစ်စုံတစ်ရာမပြုဘဲ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အကဲဆတ်ကြောင်း ဖော်ပြခဲ့သည်။ ဘူတန်နှင့် တရုတ်တို့သည် ပြီးခဲ့သော ၃၇ နှစ်အတွင်း နယ်စပ်အငြင်းပွားမှုဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သတိပြုရန် အရေးကြီးသည်။

ဘူတန်နှင့်တရုတ်ကြား နယ်နိမိတ် ဆွေးနွေးပွဲကို ၁၉၈၄ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းတို့သည် ၁၉၈၈ ခုနှစ်တွင် နယ်နိမိတ်ပြဿနာများဖြေရှင်းရေး လမ်းညွှန်မူများကိုလည်းကောင်း ၁၉၉၈ ခုနှစ်တွင် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှုဆိုင်ရာ သဘောတူညီချက်ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံသည် ဘူတန်၏ အရှေ့ဘက် ဆက်တန်ဒေသကိုလည်း တောင်းဆိုခဲ့သည်။ တရုတ်သည် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရှေ့ပိုင်းဒေသတွင် ဘူတန်နှင့် နယ်နိမိတ်အငြင်းပွားမှု ရှိကြောင်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က အတိအလင်းထုတ်ပြန်ခဲ့သည်။

ဒေါ့ခ်လမ် သုံးပွင့်ဆိုင်ဒေသပါဝင်သည့် အငြင်းပွားနယ်မြေများဆိုင်ရာ အပြန်အလှန် ခွန်းကြီး ခွန်းငယ်ဖြစ်နိုင်ချေသည် အိန္ဒိယအတွက် အထူးစိုးရိမ်စရာဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဘူတန်နှင့် တရုတ်နိုင်ငံတို့သည် တိုက်ရိုက်သံတမန်ဆက်ဆံရေးမရှိဘဲ ဒေလီရှိ ၎င်းတို့သံရုံးများမှတစ်ဆင့် ဆက်သွယ်ပြောဆိုသည်ကို သတိပြုသင့်ပေသည်။

အိန္ဒိယသည် ဘူတန်-တရုတ်နယ်စပ် သဘောတူညီချက်က ၎င်းအကျိုးစီးပွားကို အဟန့်အတားဖြစ်မှာကို သတိထားနေသလို ၂၀၁၇ ခုနှစ်က တရုတ်နှင့် လိပ်ခဲတည်းလည်းအခြေအနေဖြစ်ရာ ဒေါ့ခ်လမ် ကုန်းပြင်မြင့်နှင့် ပတ်သက်၍ အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများအပေါ် တရုတ်က ဝေဖန်ပြစ်တင်လျက်ရှိ သည်။ ဒေါ့ခ်လမ်လိပ်ခဲတည်းလည်း အခြေအနေပြီးနောက် တရုတ်နှင့် ဘူတန်တို့သည် နယ်စပ်ဒေသ ဆွေးနွေးပွဲ အတွက် အချိန်အတော်ကြာ တွေ့ဆုံခြင်း မရှိတော့ပေ။

၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏နယ်မြေပိုင်ဆိုင်မှုကို အမှန်တကယ်ပင် ကျယ်ပြန့်စွာ ချဲ့ထွင်ခဲ့ပြီး ဘူတန်အရှေ့ပိုင်းရှိ ဆက်ကန်ဒေသကို အငြင်းပွားမှုဖြစ်ရပ်အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းခဲ့သည်။

၂၀၁၇ ခုနှစ်၌ အိန္ဒိယနှင့် လိပ်ခဲတည်းလည်းအခြေအနေပြီးနောက် တရုတ်သည် ဘူတန်-တရုတ်-အိန္ဒိယ သုံးပွင့်ဆိုင်လမ်းဆုံတစ်လျှောက် မဟာဗျူဟာကျကျ တည်ရှိသော ဒေါ့ခ်လမ်ကုန်းပြင်မြင့်၏ အစိတ်အပိုင်း များစွာကို အခိုင်အမာ ထိန်းချုပ်ထားပြီးဖြစ်သည်။

ရှေ့တန်းနယ်စပ်ရွာများ တည်ဆောက်ခြင်းနှင့် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုများ သေချာစေရန် ဒေသခံများအား ပြောင်းရွှေ့နေထိုင်စေခြင်းဖြင့် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်မီဒီယာများသည် ဘူတန်နှင့် တရုတ်အကြား အငြင်းပွားနယ်မြေရှိ ဒေါ့ခ်လမ်တွင် အသစ်တည်ဆောက်ထားသော ရွာတစ်ရွာ၏ ဓာတ်ပုံများကိုပင် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly