အမျိုးသမီးပါဝင်ခွင့် နည်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

အမျိုးသမီးပါဝင်ခွင့် နည်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

ရန်ကုန် (Myanmar Now) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးတို့ ပါဝင်နိုင်မှု အခန်းက ဏ္ဍ အားနည်းနေဆဲ ဖြစ်သောကြောင့် လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်ရေး ဆွေးနွေးပွဲ အောင်မြင်စေရန် အဟန့်အတားဖြစ်စေကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတို့က ပြောနေကြသည်။
ဆွေးနွေးပွဲများတွင် နိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်ခန့်ရှိသော အမျိုးသမီးထု၏ ကိုယ်စားလှယ် ပါဝင်ခွင့် နည်းပါးနေပြီး နယ်စပ်ဒေသများတွင် နှစ် ၅ဝ ကျော် ကြာမြင့်နေပြီဖြစ်သည့် စစ်ပွဲများအတွင်း ပိုမို ထိခိုက်စွာ ခံစားရသည်မှာလည်း အမျိုးသမီးများသာ ဖြစ်ကြသည်။

အထူးသဖြင့် တိုင်းရင်းသား အမျိုးသမီးကြီးငယ်တို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု မကြာခဏပေါ် ပေါက်လျက်ရှိပြီး တပ်မတော်သည် တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် ပြစ်မှု ကျူးလွန်နေကြောင်း၊ ကျူးလွန်မှုများအတွက် အရေးယူခံရခြင်းမရှိကြောင်း လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲလျက်ရှိသည်။ “ရေရှည် မှာ စစ်ပွဲတွေကြောင့် တနုံ့နုံ့ခံစားရတာ အမျိုးသမီးတွေမှာ အနစ်နာဆုံးပါပဲ” ဟု ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိ သည့် ကချင်ပြည်နယ်မှ အမျိုးသမီးအရေး လှုပ်ရှားသူ နန်ရော်ဇာခွန်က Myanmar Now သို့ ပြောသည်။

“အမျိုးသားတွေ သေသွားတယ်ဆိုရင် ကျန်ခဲ့တာ၊ အိမ်ထောင်ဦးစီး ဖြစ်သွားတာတွေက အမျိုးသမီး တွေပဲ။ မသေဘဲ ဒဏ်ရာရတယ်ဆိုရင်လည်း  သူတို့ကို မိန်းမတွေ၊ အမေတွေကပဲ ကြည့်ပေးရတာ” ဟု Shalom (Nyein) Foundation မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်နန်ရော်က ပြောသည်။ သူသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အတွင်း  အရေအတွက် အနည်းမျှသော အမျိုးသမီး အဖွဲ့ဝင်များအနက်မှ အကြံပေးတစ်ဦး ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်မှ စတင်ခဲ့သည့် နိုင်ငံ လုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အားလုံးပါဝင် ခွင့်ပြုထားသည် ဆိုသော်လည်း  တကယ်တမ်းတွင် အမျိုးသားအများစုသာ ပါဝင်သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်းဝင် တိုင်းရင်းသား ညီလာခံတစ်ခုကို စတင်ရန် ရက်သတ္တနှစ်ပတ်ပင် မလိုတော့သည့် အချိန်တွင် အမျိုးသမီးများ ပါဝင်ဆွေးနွေးခွင့် မရှိဘဲ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင် ရန်မဖြစ်နိုင်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလျက် ရှိသည်။ ၂ဝ၁၁ မှ ၂ဝ၁၅ ခုနှစ်အထိ အပစ်အခတ်ရပ်စဲရေးဆွေးနွေးလာခဲ့သည့် အစိုးရ၏ အဓိကကော်မတီနှစ်ခုဖြစ်သော အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ(UPWC)၊ အဖွဲ့ဝင် ၁၁ ဦးပါသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (UPCC) တို့တွင် အမျိုးသမီးနှစ် ဦးသာ ပါဝင်ကြောင်း Alliance for Gender Inclusion in the Peace Process (AGIPP) အဖွဲ့က ထောက်ပြထားသည်။ ထိုနှစ်ဦးသည်လည်း UPWC မှ ဖြစ်သည်။

၎င်းတို့အနက်မှ တစ်ဦးဖြစ်သည့် ကချင်တိုင်းရင်းသူ၊ ရှေ့နေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မိမိတို့အနေဖြင့် အမည်ခံသာ ပါဝင်ခွင့်ရခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။  

“ပါဝင်ခဲ့ရတယ်ဆိုပေမယ့် နာမည်အရပါပဲ။ တကယ်ပါဝင်ခွင့်မရလို့ ပါဝင်ပြောနိုင်ဖို့ တောင်းဆိုခဲ့ရပါ တယ်။ ပြောခွင့်ရတော့လည်း ပထမဦးဆုံး ပြောခွင့်ရတဲ့ ပွဲမှာ ငါးမိနစ်အတွင်း ပြီးအောင် ပြောခဲ့ရ ပါတယ်။ စစ်ရေးဆွေးနွေးနေတဲ့ အချိန်မှာ အမျိုးသမီး မပါဝင်သင့်ဘူးဆိုတာမျိုး မကြာခဏ အပြောခံရပါတယ်” ဟု ဒေါ်ဒွဲဘူက ရှင်းပြသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့တွင်လည်း အမျိုးသမီးနှစ်ဦးတည်းသာ ပါဝင်သည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဖြစ်သည်။

ဘက်လိုက်မှုရှိသလား

အောက်တိုဘာ ၁၅ တွင် မြန်မာအစိုးရနှင့် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ အကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုကို တခမ်းတနား အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။ အစိုးရက အခြားလက်နက်ကိုင် အဖွဲ့ငယ်များပါဝင်မည့် အစီအစဉ်ကို လက်မခံခဲ့သော ကြောင့် အင်အားကြီးအဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် ဝပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA)တို့အပါဝင် လက်နက်ကိုင်အဖွဲ့အစည်း ၇ ခု ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အား အကောင်အထည် ဖော်ရေးအတွက် ကော်မတီအသစ် သုံးခုကို ထပ်မံဖွဲ့စည်းခဲ့ရာတွင် စုစုပေါင်းအဖွဲ့ဝင် ၉၆ ဦး ရှိလာသည့်အနက်က အမျိုးသမီး ၃ ဦးသာ ပါဝင် ကြောင်း AGIPP က ဖော်ပြသည်။ နိုင်ငံရေးပါတီမှ တစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ နှစ်ဦးဖြစ်ပြီး အစိုးရဘက်မှ အမျိုးသမီး တစ်ဦးတစ်ယောက်မှ မပါဝင်ပေ။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး သဘောတူညီချက်သည် အမျိုးသမီးထုပါဝင်မှသာ ညီညွတ်မျှတပြီး ရေရှည် တည်တံ့မည်ဖြစ်ကြောင်း အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၏ အထွေထွေအတွင်းရေးမှူး (၂) ဒေါ်နန်းနန်းနွယ်က ပြောကြားသည်။ တစ်နိုင်ငံလုံး အပစ်ရပ် ရေး ဆွေးနွေးပွဲများတွင် အမျိုးသား၊ အမျိုးသမီး အရေအတွက် ခွဲဝေသတ်မှတ်ရေး ကြိုးပမ်းမှုများသည်လည်း အောင်မြင်မှု မရှိသေးပေ။ သင့်တင့် လျောက်ပတ်သည့် အမျိုးသမီးကိုယ်စားလှယ် အရေအတွက် ဆွေးနွေးပွဲ တွင် ပါဝင်သင့်ကြောင်း လက်ရှိ သဘောတူညီချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အရေအတွက် တိတိကျကျ သတ်မှတ်ထားမှု မရှိခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးတို့ ပါဝင်ရေးအတွက် အာမခံမှုမရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေများအရ လိုက်နာရမည့် တာဝန်များကို ပျက်ကွက်ခြင်းဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေးအုပ်စုများက ထောက်ပြကြ သည်။

“ကျွန်မတို့က စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရသူတွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို ကျွန်မတို့ရဲ့ အသိစိတ်က တောင့်တပါတယ်။  ဒါကြောင့် အမျိုးသမီးထုရဲ့ အင်အားတွေ၊ အမြင်တွေ၊ ထောက်ခံ မှုတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းသင့်ပါတယ်” ဟု ဒီဇင်ဘာ ၁၇ ရက်က ဆွီဒင်သံရုံးနှင့် AGIPP တို့ ပူးတွဲပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ဒေါ်နန်ရောက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် အမျိုးသမီးပါဝင်ခွင့် နည်းခြင်းက မြန်မာနိုင်ငံတွင် အမျိုးသား ကြီးစိုးမှု အရိုး စွဲနေပြီ ဖြစ်သည့် လက္ခဏာတစ်ခုပင်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အာဏာရပါတီကို မဲအပြတ်အသတ် ဖြင့် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် လူကြိုက်များ ထင်ရှားနေသော်လည်း  မြန်မာနိုင်ငံ၏ လူမှုနယ်ပယ်သည် ရှေးရိုးဆန်နေဆဲဖြစ်ပြီး အမျိုးသမီးတို့၏ ဦးဆောင်မှု အခန်းကဏ္ဍ အလွန်နည်းနေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကို ၂ဝ၁၆၊ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်ဟု သမ္မတရုံးက ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။  ထိုပွဲသို့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသူများ အပါဝင် စုစုပေါင်း လူ ၇ဝဝ ခန့် တက်ရောက်လိမ့်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။
နေရာဖယ်ပေးရတော့မည့် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေချိန်တွင် ယင်းဆွေးနွေးပွဲသို့ အမျိုးသမီးအရေအတွက် မည်မျှ ဖိတ်မည်ဆိုသည်မှာ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများအတွက် အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်။

ညီလာခံသို့ အမျိုးသမီး အနည်းငယ်ကိုသာဖိတ်ပါက သတ်မှတ်ချက်တစ်ခုဖြစ်သွားပြီး နောက်နောင် တွင်လည်း အမျိုးသမီးတို့ ပါဝင်ရန် ပိုမိုခက်ခဲသွားမည်ဟု အမျိုးသမီး အခွင့်အရေးအဖွဲ့များက ပြောသည်။
“အစည်းအဝေးရက်က နီးလာပြီ။ ကျွန်မတို့ကို လာမေးရင်တော့ ကျွန်မတို့က ဒီလူ၊ ဒီလူတွေရှိတယ် ဆိုပြီး ပြောပါတယ်။ သူတို့တစ်တွေက အမျိုးသမီးတွေ ပါချင်ပါ့မလား၊ လုပ်ချင်ပါ့မလား၊ အချိန်ပေးနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေနဲ့ အကြောင်းပြဖို့ ကြိုးစားနေတယ်။ ဒါမျိုးတွေ ကျွန်မတို့ ကြုံနေရတယ်” ဟု ဒေါ်နန်ရောက ဆိုသည်။

“ဖွဲ့စည်းပြီးသွားတဲ့ ပြည်ထောင်စုအဆင့် ကော်မတီတွေဆီမှာရှိတဲ့ အမျိုးသမီးရာခိုင်နှုန်းအတိုင်းပဲ ဖြစ်လာဖို့ အတိုင်းအတာ အတော်များနေတယ်။ အဲဒါကြောင့် ကျွန်မတို့ဝိုင်းပြီး လုပ်ဖို့ လိုနေတယ်” ဟု ၎င်းက ရှင်းပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်တစ်ဆင့်ဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီး အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် AGIPP က တိုက်တွန်းထားသည်။ ထိုပမာဏသည် အစပိုင်း အရေအတွက်ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုပါဝင်ရန် အဆိုပြုထားသည်။ အဖွဲ့ဝင် ၄၈ ဦးပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပူးတွဲကော်မတီ (UPDJC) ၏ ဒုဥက္ကဋ္ဌ ဦးသုဝေက ညီလာခံတွင် အမျိုးသမီးကိုယ်စားလှယ်အရေအတွက် ၃ဝ ရာခိုင်နှုန်းပါဝင်ရေးအဆိုကို လက်ခံကြောင်း သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာ ၂ဝ တွင် ပြောကြားခဲ့သည်။

“အမျိုးသမီးပါဝင်မှု ၃ဝရာခိုင်နှုန်းရှိအောင် ကြိုးစားပါလို့ပါတယ်။ ပါကိုပါရမယ်လို့တော့ မဟုတ်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရဘက်ကရော၊ ကျွန်တော်တို့နိုင်ငံရေးပါတီတွေဘက်ကရော အဆိုပြုတာက အမျိုးသမီးတွေကို ၃ဝရာခိုင်နှုန်းလောက်ပါအောင် ထည့်ပေးပါပေါ့၊ ဒါပေမဲ့ ထည့်ပေးနိုင်သ လောက်တော့ ပါမှာပါ။ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရှိတယ်ဆိုရင်တော့ ထည့်ပေးမှာပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် AGIPP တည်ထောင်သူတစ်ဦးတွင် ပါဝင်သူ ဒေါ်နန်ရော်က စွမ်းဆောင်နိုင်မှုအပေါ် သတ်မှတ် ဆုံးဖြတ်ချက်သည် လက်တွေ့ အဆင်မပြေကြောင်း ရှင်းပြသည်။ “အရည်အချင်းရှိတယ်ဆိုတာ ဘာကိုကြည့်ပြီး သတ်မှတ်မှာလဲ။ ဘွဲ့တွေဘာတွေ ကြည့်မှာလား။ နိုင်ငံရေးမှာ ဘယ်နှနှစ် လုပ်ဖူးမှလား။ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ရင်းနှီးမှုရှိတာကို ပြောတာလား” ဟု ဒေါ်နန်ရော်က Myanmar Now သို့ ပြောကြားသည်။

ယောကျ်ားတု့ိ ကြီးစိုးရာ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်နည်းခြင်းသည် မြန်မာနိုင်ငံအတွင်း အမျိုးသ မီးများ၏ လုံခြုံစိတ်ချရမှုမရှိသည့် အခြေအနေကို ပြနေခြင်းဖြစ်ကြောင်း AGIPP က ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှုသည် အကန့်အသတ်နှင့်သာ ရှိနေ သေးသည်။ အမျိုးသမီး နိုင်ငံရေးသမားများ လှောင်ပြောင်သရော်ခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ နှောက်ယှက် ခံရမှု၊ အမျိုးသမီးများသည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟု လက်ခံထားသည့် ခင်ပွန်းနှင့် မိသားစုများရှိနေသည့်အပြင် အခြားနိုင်ငံရေးသမားများနှင့် မီဒီယာတို့၏ ပုဂ္ဂိုလ်ရေးအရ အပုပ်ချ တိုက်ခိုက်မှုများကို ကြုံတွေ့ရသည်။

ပြည်ထောင်စုအဆင့်တွင် အမျိုးသမီးဝန်ကြီးနှစ်ဦးသာ ရှိနေသည်။  အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ် အရေအတွက် ကိုယ်စားလှယ်အားလုံး၏ ၅ ရာခိုင်နှုန်းသာ ဖြစ်သော်လည်း ဇန်နဝါရီလကုန်တွင် စတင် မည့် လွှတ်တော်အတွင်း ၁၂ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသ မီး မပါဝင်ရန် မကြာခဏပြောလေ့ရှိခြင်းသည် မြန်မာနိုင်ငံတွင် အမျိုးသမီးတို့ကို ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း  UPWC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက  မှတ်ချက်ချသည်။

“အမျိုးသားတွေက အမြဲပြောတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာတွေက လမ်းမကောင်းဘူး၊ အမျိုးသမီးတွေအနေနဲ့ သွားဖို့ မသင့်တော်ဘူး၊ ခက်တယ် ဆိုတာတွေ။ ကျွန်မက ပြောပါတယ်၊ ကျွန်မရဲ့ မဲဆန္ဒနယ်ကဝေးလံခေါင်ဖျားပြီး ခက်ခဲပါတယ်၊ ဒါပေမယ့် ကျွန်မသွားနေကျပါလို့” ဟု ဒေါ်ဒွဲဘူက မကြာသေး မီကပြောခဲ့သည်။ “ခေါ်နေတာကို မစောင့်နဲ့။ကိုယ်ကိုယ်တိုင် တိုက်တိုက်တွန်းတွန်းတောင်းဆို ရပါမယ်”  ဟု ဒေါ်ဒွဲဘူက အမျိုးသမီး နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို အကြံပေးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly