အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းတို့ ပူးပေါင်းကာ ကပ္ပလီပင်လယ်တွင် အကြီးစား ရေတပ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်

အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းတို့ ပူးပေါင်းကာ ကပ္ပလီပင်လယ်တွင် အကြီးစား ရေတပ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်

အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ ၂ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၇ ရက်က ကပ္ပလီပင်လယ်ပြင်တွင် စတင်ပြုလုပ်ခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် မိတ်ဆွေ ရေတပ်ဖွဲ့ ၃ ခုအကြား စုစည်းဆောင်ရွက်မှု၊ လက်တွဲလုပ်ဆောင်မှု၊ ပူးပေါင်းပါဝင်မှုများကို ဖော်ပြကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ပြောကြားသည်။

အိန္ဒိယက ဒုံးကျည်တပ် ကာကွယ်ရေးအမြန်ရေယာဉ်ငယ် Karmuk ၊ စင်ကာပူက ဖရီးဂိတ်စစ်သင်္ဘောအကြီးအစား RSS Tenacious နှင့် ထိုင်းက ရေငုပ်သင်္ဘောဖျက် ကင်းလှည့်ရေယာဉ် Thayanchon တို့ကို SITMEX ဟု အမည်ပေးထားည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

အဆိုပါ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်မှစတင်ခဲ့ပြီး ၃ နိုင်ငံမှ ရေတပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ် SITMEX ကို အိန္ဒိယနိုင်ငံက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ကမ်းလွန်ဆိပ်ကမ်း ဘလဲယားတွင်လည်းကောင်း၊ စင်ကာပူရေတပ်က ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်းကျင်းပခဲ့ပြီး ယခုနောက်ဆုံး ၂၀၂၁ ခုနှစ်အတွက် စစ်ရေး လေ့ကျင့်မှုကို တော်ဝင်ထိုင်းရေတပ်က လက်ခံကျင်းပခြင်း ဖြစ်သည်။

“ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ယခု စစ်ရေးလေ့ကျင့်မှုကို ပါဝင်သူများအချင်းချင်း ထိတွေ့မှုမရှိစေဘဲ ပင်လယ်ပြင်၌သာ ကျင်းပခဲ့သလို မိတ်ဆွေရေတပ် ၃ ဖွဲ့အကြား လက်တွဲ၊ ပူးပေါင်း၊ စုစည်းမှုအတွက် ပြုလုပ်ခြင်းဖြစ်သည်” ဟု အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရေတပ်လေ့ကျင့်ခန်းများ၊ ရေပြင် စစ်ရေးလေ့ကျင့်မှုများအပါအဝင် အမျိုးမျိုးသော ဗျူဟာပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း ဆောင်ရွက်သွားမည်” ဟု လည်း ဖော်ပြထားသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ကြာမြင့်စွာ ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အားကောင်းစေရန်နှင့် ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံမှု တိုးတက်စေရန် ပါဝင်သည့်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေမည်ဟု အိန္ဒိယရေတပ်က ထုတ်ပြန်ထားသည်။

အိန္ဒိယရေတပ်အနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း အိန္ဒိယသမုဒ္ဒရာ၌ အင်အားတိုးချဲ့မှုကို တဖြည်းဖြည်း တိုးမြှင့် လုပ်ဆောင်လာသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပေါ်နေသော်လည်း အိန္ဒိယရေတပ်အနေဖြင့် လွန်ခဲ့သည့် လများအတွင်း နိုင်ငံအများအပြားနှင့် ပြုလုပ်သည့် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခဲ့သည်။ အောက်တိုဘာလအတွင်းကလည်း အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျရေတပ်များပါဝင်သည့် Malabar အမည်ရှိ စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံက ကျင်းပခဲ့သည်။

အိန္ဒိယနိုင်ငံက ဩစတြေးလျနိုင်ငံအား ပြီးခဲ့သည့် နှစ်နှင့် ယခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုသို့ ဖိတ်ကြားခဲ့ကာ Quad အဖွဲ့ဝင်နိုင်ငံများ၏ လေ့ကျင့်မှုကို ထိရောက်မှု ရှိစေရန် ဆောင်ရွက်ခဲ့သည်။

အိန္ဒိယ၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့ပါဝင်သည့် Quad အဖွဲ့သည် လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်က စစ်ရေးအရ အတင့်ရဲလာသည့် အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ပွင့်လင်းမှု ဖြစ်စေရန် ရည်ရွယ်ထားသည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်ခြင်းဟု တရုတ်က သတ်မှတ်ထားသောကြောင့် Malabar စစ်ရေးလေ့ကျင့်မှုကို တရုတ်က သံသယဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly