ယဉ်ကျေးမှုတော်လှန်ရေးကို ကပ်ဆိုးကြီး ဖြစ်ပြီး မော်စီတုန်းတွင် တာဝန်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား

ယဉ်ကျေးမှုတော်လှန်ရေးကို ကပ်ဆိုးကြီး ဖြစ်ပြီး မော်စီတုန်းတွင် တာဝန်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား

တရုတ်ကွန်မြူနစ်ပါတီသည် ယဉ်ကျေးမှုတော်လှန်ရေးနှင့် ၁၉၈၉ခုနှစ် တီအန်မင်ရင်ပြင်ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး ယင်း၏တရားဝင် ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့သည်။

အဆိုပါ မှတ်ချက်သည် ပြီးခဲ့သည့်သီတင်းပတ်က ထိပ်တန်းခေါင်းဆောင်များ ချမှတ်ခဲ့သည့် သမိုင်းဝင် ဆုံးဖြတ်ချက် အသစ်အရ ဖြစ်ပြီး ပါတီ၏ နှစ် ၁၀ဝ သမိုင်းတွင် တတိယမြောက် ဆုံးဖြတ်ချက်ဖြစ်သည်။

၁၉၆၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံကို မငြိမ်မသက်မှု များနှင့် အကြမ်းဖက်မှုများဖြစ်ပွားသည့် ဆယ်စုနှစ်များအတွင်း ကျရောက်သွားစေခဲ့သော ယဉ်ကျေးမှုတော်လှန်ရေးအား ဆန့်ကျင်မှုကို ပါတီအနေဖြင့် မည်သည့်အချိန်ကမှ ပြောင်းလဲမသွားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

“နှစ်ပေါင်း ၁၀ဝ အတွင်း ကွန်မြူနစ်ပါတီ၏ အဓိကကျသည့် အောင်မြင်မှုများနှင့် သမိုင်းဝင် အတွေ့အကြုံများ” ဟု တရားဝင် ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်သည် သမ္မတရှီကျင့်ဖျင်၏ အဆင့်အတန်းကို မော်စီတုံးနှင့် တိန့်ရှောင်ပင်တို့ကဲ့သို့ပင် ခိုင်မြဲစေခဲ့သည်။

စကားလုံး ၃၆,ဝဝဝ ပါရှိသော ဗဟိုကော်မတီ၏ ဆဌမအကြိမ် စုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် စာတမ်း တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ရှီကို ချီးကျူးထားသလို သူသည် အဓိက အယူဝါဒရေးရာ အောင်မြင်မှုနှင့် တရုတ်နိုင်ငံပြည်လည် အင်အားကြီးမားလာခြင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာခြင်း တို့အတွက် ဦးဆောင်လမ်းပြပေးမည့် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် ၂၀ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက်ကို ကျော်လွန်၍ ရှီက ပါတီအကြီးအကဲအဖြစ် ဆက်ရှိနေရန် လမ်းခင်းပေးထားပြီး ၂၀၂၃ခုနှစ် မတ်လတွင် သမ္မတအဖြစ် တတိယသက်တမ်းကို ရယူနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ပါတီ၏ သမိုင်းဝင် ဆုံးဖြတ်ချက် သုံးခုစလုံးကို တိုင်းပြည်အတွက် အရေးကြီးသည့် အချိန်များတွင် ထုတ်ပြန်ထားသည်။

ပထမဆုံး ဆုံးဖြတ်ချက်မှာ ၁၉၄၅ ခုနှစ်တွင် မော်စီတုန်းကို နိုင်ငံ၏ တည်ထောင်သူဖခင်ကြီးအဖြစ် အတည်ပြု ခဲ့ပြီး ဒုတိယဆုံးဖြတ်ချက်မှာ ၁၉၈၁ ခုနှစ် တိန့်ရှောင်ပင်၏ ခေါင်းဆောင်မှုကာလအတွင်းဖြစ်ပြီး ယဉ်ကျေးမှု တော်လှန်ရေးနှင့် ပတ်သက်၍ တရားဝင်ဆုံးဖြတ်ချက်ချခဲ့သည်။

နောက်ဆုံးဆုံးဖြတ်ချက်မှာ ပါတီ၏ နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သည့် နိုင်ငံပြန်လည်အင်အားကြီးမားခြင်းသို့ ပို့ဆောင်ပေးနိုင်သည့် ကြီးမြတ်သောခေါင်းဆောင်တစ်ဦးအဖြစ် ရှီ၏ ဂုဏ်ပုဒ်များကို အဓိက ထုတ်ဖော် ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ဆဌမအကြိမ်မြောက် စုံညီအစည်းအဝေးအပြီး ဆုံးဖြတ်ချက် အကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယခင်ဆုံးဖြတ်ချက်နှစ်ခုသည် အကျုံးဝင်သေးကြောင်း ဖော်ပြထားသော်လည်း ယဉ်ကျေးမှုတော်လှန်ရေး သို့မဟုတ် သွေးထွက်သံယိုတီအန်မင်ဖြိုခွင်းမှုကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။

သို့သော် ယင်းဖြစ်ရပ်နှစ်ခုလုံးသည် ဆုံးဖြတ်ချက်အသစ်တွင် ပါဝင်ပြီး ယဉ်ကျေးမှုတော်လှန်ရေးကို ကပ်ဆိုးကြီး အဖြစ်နှင့် ၁၀ နှစ်ကြာ မငြိမ်မသက်ဖြစ်မှုအဖြစ် ဖော်ပြထားပြီး မော်စီတုန်းတွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

ယဉ်ကျေးမှုတော်လှန်ရေးမတိုင်မီတွင်လည်း မဟာခုန်ပျံကျော်လွှားတော်လှန်ရေး၊ ပြည်သူ့ဘုံအဖွဲ့လှုပ်ရှားမှုနှင့် လက်ယာဝါဒီ ဆန့်ကျင်ရေးတိုက်ပွဲများ၏ အလွန်အကျွံလုပ်ဆောင်မှုများအပါအဝင် အမှားအယွင်းများ ရှိခဲ့သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly