အရေးပေါ်အခြေအနေတွင် တပ်ချုပ်အား ဥပဒေကျော်လွန် လုပ်ဆောင်ခွင့် မပြုရန် အင်န်အယ်လ်ဒီ အဆိုပြု

အရေးပေါ်အခြေအနေတွင် တပ်ချုပ်အား ဥပဒေကျော်လွန် လုပ်ဆောင်ခွင့် မပြုရန် အင်န်အယ်လ်ဒီ အဆိုပြု

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များမှ ပုဒ်မ ၄၁၈ (ခ) ပါ  “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ” ဟူသော စကားရပ်နှင့် ထိုစကားရပ်ကို
ပြည်ခိုင်ဖြိုးပါတီက ပြန်လည် ပြင်ဆင်အစားထိုးသည့် “ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခြွင်းချက်ပြုပြီး” ဟူသည့် စကားရပ်တို့သည် တပ်ချုပ်အား ဥပဒေ ကျော်လွန်လုပ်ဆောင်ခွင့်ပြုခြင်း ဖြစ်၍
နှစ်ခုစလုံး ပယ်ဖျက်ရန် NLD အမတ် ဦးဖြိုးဇေယျာသော်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
ဆွေးနွေးအဆိုပြုခဲ့သည်။

“ကျွန်တော်တို့မျှော်မှန်းတာက တပ်မတော်အနေနဲ့မိမိတို့ထမ်းဆောင်ရမယ့် တာဝန်တွေကို ဂုဏ်သိက္ခာရှိရှိ professional ကျကျ ဥပဒေနဲ့အညီ ထမ်းဆောင်နေသော ပြည်ချစ် professional army တစ်ရပ် ဖြစ်ပေါ်လာစေရေးပဲ ဖြစ်ပါတယ်။

ပြည်သူတွေ အားကိုးယုံကြည် ချစ်ခင်ဖို့ဆိုရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသည့် ပြည်သူကို ဦးထိပ်ပန်ဆင်တဲ့ တပ်မတော်ဖြစ်လာဖ့ို လိုအပ်ပါတယ်။ ထို့နည်းတူစွာပဲ ချမှတ်ထားတဲ့ ဥပဒေဘောင်တွေကို ကျော်လွန်လုပ်ဆောင်ဖို့ မသင့်သလို ကျော်လွန် လုပ်ကိုင်ဆောင်ရွက်ခွင့်လည်း ပေးအပ်ထားခြင်း မရှိသင့်ပါဘူး” ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမတ်က ပုဒ်မ ၄၃၆ (က) ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမတ် ၁၅ ဦးတို့ဆွေးနွေးကြရာတွင် ပါဝင်ဆွေးနွေးရင်း လွှတ်တော်သို့ တင်ပြသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ အခန်းမှာ ပါဝင်သည့် ပုဒ်မ ၂၀ (စ) မှာ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု
ဖော်ပြထားပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် ဆိုသည့် အဖွဲ့အစည်းတစ်ရပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ခြွင်းချက် ပြုပြီး ကျော်လွန် ဆောင်ရွက်ရန် မသင့်ဟု NLD က ယူဆကြောင်းလည်း ၎င်းက ပြောသည်။

ပုဒ်မ ၄၁၈ (ခ) ၏ မူလပြဋ္ဌာန်းချက်မှာ “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိ စေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟူ၍ ဖြစ်သည်။

“အရေးပေါ်အခြေအနေ ကြုံရတဲ့အခါ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတည်တံ့ ခိုင်မြဲရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေးတို့အတွက် တပ်ဘက်က အရပ်ဘက်ကို အားဖြည့် ကူညီရာမှာ အရပ်အုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ် ပါတယ်။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်ရာမှာ တပ်အနေနဲ့အကန့်အသတ်နဲ့ လုပ်ကိုင်ဆောင်ရွက် ရတယ် ဆိုတာကိုလည်း အားလုံး သိကြပါတယ်။

မည်သို့သော အခြေအနေမှာ မည်သည့် လက်နက်အမျိုးအစား အသုံးပြုပြီး အထူးလေ့ကျင့်ပေးထားသည့် အင်အားဖြင့် အရပ်ဘက်အုပ်ချုပ်ရေး၏ စီမံ ခန့်ခွဲမှုအောက်တွင်  မည်သို့မည်ပုံ အဆင့်ဆင့် ဆောင်ရွက်ရမည် ဆိုတာ သက်ဆိုင်ရာ ဥပဒေတွေ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ညွှန်ကြားချက်တွေ အပြင် သက်ဆိုင်ရာ လက်စွဲတွေထဲမှာလည်း အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အတိအကျ လိုက်နာကြရပါတယ်။ အဲဒီလို ဥပဒေတွေကိုတောင် လိုက်နာကျင့်သုံးကြရတယ် ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေခေါင်ချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို “မည်သို့ပင် ဆိုစေကာမူ” လို့ပဲပြောပြော “ခြွင်းချက်ပြုပြီး” လို့ပင်ဆိုဆို ဥပဒေကို ကျော်လွန်ဆောင်ရွက်ရန် မသင့်ဘူးလို့ရိုးသားစွာ ယုံကြည်တဲ့အတွက် မူရင်း ဥပဒေမှာ ပါဝင်တဲ့အချက်တွေကို သော်လည်းကောင်း ပြင်ဆင်ရန် တင်ပြထားတဲ့ အချက်တွေကို သော်လည်းကောင်း၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ပယ်ဖျက်ရန်လို့ ပြုပြင်ပြောင်းလဲစေခြင်း ဖြစ်ပါတယ်” ဟုလည်း ဦးဖြိုးဇေယျာသော်က လွှတ်တော်ကို ရှင်းပြသည်။

ပိုမိုကောင်းမွန်သည့် တပ်ဘက် အရပ်ဘက် ဆက်ဆံရေးများ ဖြစ်လာစေချင်သည့် ဆန္ဒနှင့် လူပုဂ္ဂိုလ တစ်ဦး တစ်ယောက်ကို သော်လည်းကောင်း၊ အစုအဖွဲ့တစ်ခုကိုသော်လည်းကောင်း၊ ပိုသာသည့် အခွင့်အရေးများ ပေးထားသည်ဟု အထင်မှား အမြင်မှားစေနိုင်သည့် ပုဒ်မ ၄၁၈ (ခ) ၏ မူရင်းပုဒ်မ ဥပဒေမှာ ပါဝင်သော “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ” ဟူသော စကားရပ်နှင့် ပြင်ဆင်ချက် ဥပဒေထဲမှာ သုံးစွဲထားသည့် “ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြွင်းချက်ပြုပြီး”ဟူသော စကားရပ်တို့ကို ပယ်ဖျက်သင့်ပါ ကြောင်း ၎င်းက လွှတ်တော်ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly