မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသည့် ကုမ္ပဏီများ နိုင်ငံတကာ မိတ်ဖက်အချို့၏ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးရဖွယ်ရှိနေ

မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသည့် ကုမ္ပဏီများ နိုင်ငံတကာ မိတ်ဖက်အချို့၏ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးရဖွယ်ရှိနေ

နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီများသည် စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အဆက်ဖြတ် လွတ်ကင်းစေရန် အပြင်းအထန် ကြိုးပမ်းနေခဲ့ရသလို ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ခြင်းက နာမည်ဂုဏ်သတင်း ထိခိုက်နိုင်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချိုးဖောက်ရာရောက်မှု စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။ သို့သော် ကတိပြုလုပ်ဆောင်ခြင်းထက် ရုပ်သိမ်းထွက်ခွာခြင်းက ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း လူအများအပြားက ထင်မြင်ယူဆကြသည်။

စစ်တပ်နှင့် စပ်နွယ်နေသည့် လုပ်ငန်း မိတ်ဘက်များနှင့် စီးပွားရေး ဆက်ဆံပတ်သက်မှုများကို ဖြတ်တောက်ရန် ပျက်ကွက်မှုအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အစုစု၏ စွန့်ပစ်မည့် အလားအလာများနှင့် ရင်ဆိုင်နေရသူများထဲတွင် ဂျပန်၊ တောင်ကိုရီးယား နှင့် စင်ကာပူကုမ္ပဏီများ ပါဝင်နေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကိုးလအကြာတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ပြည်တွင်း ရှယ်ယာအတွက် စိတ်ထက်သန်မှုရှိသော ဝယ်သူတချို့ကို တွေ့ရှိထားခဲ့ပြီး နိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း နက်ရှိုင်းသော စီးပွားရေး ကျဆင်းမှု၊ မငြိမ်မသက်ဖြစ်မှုတို့ကို ကြုံတွေ့နေရသည်။

"အာဏာသိမ်းဖို့ ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့အကြား ဆက်ဆံပတ်သက်မှုနဲ့ အဆက်ဖြတ်ဖို့ လုပ်တာက ပိုပြီး ခက်ခဲတယ် ဆိုတာက ပေါ်လွင်ထင်ရှားပါတယ်၊ စစ်တပ်နဲ့ ဆက်ဆံပတ်သက်တာက မြန်မာပြည်သူတွေရဲ့ ဘဝတွေကို ထိခိုက်သက်ရောက်စေတာဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ကြံရာပါဖြစ်မှုကို အဆုံးသတ်ရင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ရှိမှုနဲ့ ဖယ်ရှားသင့်ပါတယ်" ဟု campaign group တစ်ခုဖြစ်သည့် Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ လက်အောက်ခံတပ်ဖွဲ့များကြောင့် အပြစ်မဲ့လူပေါင်း ၁,၂၇၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၁၀,၀၀၀ ကျော် ဖမ်းဆီးခံထားရကာ အာဏာသိမ်းစစ်တပ်သည် မြန်မာအနောက်မြောက်ပိုင်းတွင် ၎င်းတို့ကို တွန်းလှန်တိုက်ခိုက်နေမှုများကို နှိမ်နင်းရန် လူမဆန် ရက်စက်သည့်နည်းလမ်းများ သုံးနေသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေ နှင့် ကနေဒါ တို့သည် မြန်မာစစ်တပ် ကုမ္ပဏီများနှင့် စစ်တပ်နှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ ရှိနေသည့် ကုမ္ပဏီများထံကနေ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစုစုကို ဖယ်ရှားရန် ကြိုးပမ်းထားခဲ့သည်။

စစ်တပ်ကုမ္ပဏီများနှင့်အကြား တိုက်ရိုက် ပတ်သက်လုပ်ကိုင်မှု ရှိနေခဲ့ပြီး စည်းရုံးလှုံ့ဆော်သူများဘက်မှ ဖိအားပေးမှုကို ကာလကြာ ခံနေရသည့် ဂျပန် ဘီယာကုမ္ပဏီ ကီရင် ကဲ့သို့သော ကုမ္ပဏီများက ယင်းတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းမည်ဟု ပြောထားခဲ့သည်။ နော်ဝေ တယ်လီကွန်းကုမ္ပဏီ တယ်လီနော ကဲ့သို့ အခြားကုမ္ပဏီများကလည်း အာဏာသိမ်းစစ်အုပ်စုလက်အောက် လုပ်ငန်းလည်ပတ်ရသည့် အခြေအနေမှာ မတည်မငြိမ်ဖြစ်လာခဲ့သည့်အတွက် မြန်မာကနေ ထွက်ခွာမည်ဟု ကြေညာထားသည်။

ဒက်ချ် ပင်စင်ရန်ပုံငွေ အဖွဲ့တစ်ခုဖြစ်သည့် APG သည် တောင်ကိုရီးယား (စတီး) သံမဏိထုတ်လုပ်ငန်း POSCO နှင့် Kirin တို့ကို မြန်မာစစ်တပ်ထိန်းချုပ်သည့် လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများကို အဆုံးသတ်ရန် စည်းရုံးလုပ်ဆောင်ထားခဲ့သည်။ ကုမ္ပဏီနှစ်ခုစလုံးဘက်မှ ကတိကဝတ်များ ပေးထားသော်ငြား သိသာထင်ရှားသည့် တိုးတက်မှု မလုပ်နိုင်ခဲ့ပါက လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းမည်ဟု APG က ခြိမ်းခြောက်ထားသည်။

"၁၂ လ ဆိုတာ လုံလောက်နေပါပြီ၊ ကျွန်တော်တို့ အကြာကြီး စောင့်ပေးထားခဲ့တာပဲလေ" ဟု APG ၏ အကြံပေးအရာရှိ ပါ့ခ် ယူကျွန်းက ပြောသည်။

မြန်မာကနေ ထွက်ခွာရန် တယ်လီနော၏ ကြိုးပမ်းမှုများသည် နိုင်ငံခြားကုမ္ပဏီများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၏ သင်္ကေတပင် ဖြစ်သည်။

နော်ဝေ အစိုးရ ကျောထောက်နောက်ခံပြု တယ်လီနောကုမ္ပဏီက အစောပိုင်းတွင် မြန်မာနိုင်ငံရှိ ယင်း၏ တယ်လီနောမြန်မာ လုပ်ငန်းကို အရှုံးစာရင်းပြခဲ့ပြီး ယင်းနောက် အဆိုပါ မြန်မာလုပ်ငန်းကို လက်ဘနွန်၏ M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ဇူလိုင်လက ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီ ထိန်းချုပ်သည့် တယ်လီကွန်မြူနစ်ကေးရှင်း ဝန်ကြီးဌာနက တယ်လီနောကို မြန်မာ ထိန်းချုပ်သည့် ဝယ်သူသစ်တစ်ဦး ရှာစေရန်သာ ပိုမိုလိုလားနေသည်။

တယ်လီနောသည် လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီနှင့် ၎င်း၏ ညီအကိုတော်စပ်သူတို့ ထိန်းချုပ်သည့် M1 Group ထံ ရောင်းချမှုကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်စေသော လူ့အခွင့်အရေး အကျိုးဆက်များကို ကာကွယ်ရေး သို့မဟုတ် လျော့ပါးစေရေး လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် စည်းရုံးလှုံ့ဆော်သူများ၏ ဝေဖန်မှုကို ခံထားရပြီး ဖြစ်သည်။

တယ်လီနောက ပြန်လည် ချေပထားရာတွင် မြန်မာစစ်ကောင်စီဘက်က ထောက်လှမ်းစောင့်ကြည့်ရေးနည်းပညာ တပ်ဆင်ရန် ဖိအားပေးခဲ့သည့်အတွက် လုပ်ငန်းရောင်းချသည့် ဆုံးဖြတ်ချက် ချခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ ဖိအားပေးသည့်အတိုင်း လိုက်လံလုပ်ဆောင်ပါက မြန်မာအပေါ် ချမှတ်ထားသည့် အီးယူနှင့် နော်ဝေ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာ ရောက်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။
Kirin ကုမ္ပဏီကလည်း ယင်းအနေဖြင့် မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု ကုမ္ပဏီများနှင့်အကြား ယင်း၏ ဖက်စပ်လုပ်ငန်းကို ရုပ်သိမ်းမည်ဟု ကြေညာထားသည်။ သို့သော် ဝယ်သူ ရှာတွေ့ရန် ရုန်းကန်နေရသည်။

နိုင်ငံတကာ ကုမ္ပဏီအများအပြားသည် ပြည်တွင်းလုပ်ငန်းများကို ဆိုင်းငံ့ သို့မဟုတ် ရပ်စဲထားသော်လည်း နိုင်ငံကနေ ထွက်ခွာရန် ၎င်းတို့၏ ကတိကဝတ်များနှင့်ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်သူများနှင့် ရင်းနှီးမြှုပ်နှံသူများက မေးခွန်းထုတ်လျက် ရှိသည်။

စစ်တပ်လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်အကြား ပတ်သက်လုပ်ကိုင်မှု ရှိနေသည့် Kirin နှင့် POSCO တို့သည် campaign group များ၏ အပြင်းထန်ဆုံး ဖိအားပေးမှုတချို့ကို ရင်ဆိုင်ထားခဲ့ရသည်။ ယင်းကုမ္ပဏီများအနေဖြင့် တာဝန်သိစွာ ရင်းနှီးမြှုပ်နှံမှု မရုပ်သိမ်းနိုင်ဘူးဆိုပါက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကနေ လက်ဗလာဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်ထားသင့်ကြောင်း ၎င်းတို့က အခိုင်အမာ ပြောသည်။

"တကယ်လို့ ကုမ္ပဏီတစ်ခုဟာ သင့်တော်တဲ့ ဝယ်သူတစ်ဦး မရှာနိုင်ဘူးဆိုရင် သူတို့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို အဆုံးသတ်သင့်သလို အာဏာသိမ်းစစ်တပ်နဲ့ ယင်းရဲ့ ဆက်စပ်လုပ်ငန်းအုပ်စုကို ဘယ်လို ငွေပေးချေမှုမျိုးကိုမှ မလုပ်ဘဲ ရှိနေသင့်ပါတယ်" ဟု မရတနာမောင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required