ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြောက်ကျားတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကူရေယာဉ် ၁ စီး မီးလောင်ပျက်စီး

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြောက်ကျားတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကူရေယာဉ် ၁ စီး မီးလောင်ပျက်စီး

နိဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ၊ မဲဒင်ကျေးရွာနှင့် သစ်ခက်ကျေးရွာ အနီး တွင် ယမန်နေ့ နို၀င်ဘာလ ၂၁ရက် ညနေပိုင်းတွင် စစ်‌ကောင်စီတပ်နှင့် ပြောက်ကျားတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က စစ်ကူရေယာဥ်တစ်စီး မီးလောင်သွားကြောင်း DRPAက ယမန်‌နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေပိုင်း ၅နာရီ မှစပြီး ကျေးရွာများကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)နှင့် ဒေသခံပြောက်ကျားရဲဘော်များ ပူးပေါင်းအဖွဲ့တို့က ခုခံကာကွယ်စစ်အဖြစ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း DRPAထံမှသိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အကျအဆုံးများပြီး ရေယာဥ် နှစ်စင်းစစ်ကူရောက်ရှိလာသည့်အတွက် အဆိုပါ ရေယာဥ်များကို ပြောက်ကျားအဖွဲ့များမှ လက်နက်ကြီးပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့ရကြောင်း ၎င်းကဆိုသည်။

''ရေယာဥ်တစ်စီး ထိမှန် မီးလောင်သွားတယ်။ ပြီးတော့ နှစ်စီးလုံး ပြန်ဆုတ်သွားတယ်။ မြေပြင်အခြေအနေကတော့ စစ်တပ်ဘက်က အကျအဆုံးများတယ်ဗျ။ သူတို့ဘက်က အင်အား မသိနိုင်သေးဘူး ကျွန်‌တော်တို့ ပူးပေါင်းအဖွဲ့တွေကတော့ အထိအခိုက်မရှိပါဘူး"ဟု မြေပြင်မှ DRPA အဖွဲ့ဝင် ကိုလင်းနွေက ပြောဆိုသည်။

ယမန်နေ့ ညပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားများကို ပြောက်ကျားပူးပေါင်းအဖွဲ့များက ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required