၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဧရာဝတီအသင်း နိုင်ငံခြား ကစားသမား လေးဦး ခေါ်ယူ

၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဧရာဝတီအသင်း နိုင်ငံခြား ကစားသမား လေးဦး ခေါ်ယူ
ဇွဲကပင်အသင်း ကစားသမားဟောင်း ဟန်ဆန်နှင့် ဧရာဝတီအသင်းတို့ စာချုပ် ချုပ်ဆိုစဉ်။ (ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

လာမည့် ၂၀၁၆ ခုနှစ်အတွင်း၌ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲနှင့် AFC Cup ဘောလုံးပြိုင်ပွဲ ဝင်ပြိုင်ရန်ရှိနေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ဘောလုံးရာသီသစ် အတွက် နိုင်ငံခြားကစားသမားလေးဦးကို စာချုပ် ချုပ်ဆိုခေါ်ယူလိုက်သည်။

ဧရာဝတီယူနိုက်တက်အသင်း ခေါ်ယူခဲ့သည့် နိုင်ငံခြားကစားသမား လေးဦးမှာ မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရင့် ဇွဲကပင်ယူနိုက်တက်အသင်း ကစားသမားဟောင်း နောက်ခံလူ ဟန်ဆန်၊ ဇေယျာရွှေမြေအသင်း ကွင်းလယ်ကစားသမားဟောင်း ယာကူဘူ၊ ဂျပန်နိုင်ငံသား နောက်ချန်တိုက်စစ်မှူး တာကူမူနှင့် နိုင်ဂျီးရီးယားနိုင်ငံသား တိုက်စစ်မှူး ခရစ္စတိုဖာတို့ဖြစ်ကြသည်။

၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဧရာဝတီအသင်း ခေါ်ယူခဲ့သော နိုင်ငံခြားကစားသမား လေးဦးအနက် ဟန်ဆန်နှင့် ယာကူဘူတို့မှာ မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့်သော ကစားသမားများဖြစ်ကြပြီး တာကူမူနှင့် ခရစ္စတိုဖာတို့မှာ မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံမရှိသေးပေ။ တိုက်စစ်မှူး ခရစ္စတိုဖာသည် အိန္ဒိယဒုတိယတန်းကလပ် Lonestar Kashmir FC တွင် နောက်ဆုံးကစားခဲ့ပြီး တာကူမူမှာ ဂျပန်အပျော်တမ်းကလပ် တီအာမိုဟီရာကာတာအသင်းတွင် နောက်ဆုံးကစားထားခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် အဆိုပါ နိုင်ငံခြား ကစားသမား လေးဦးအသစ်နှင့်အတူစုစုပေါင်း ကစားသမား ၃၀ ဦးဖြင့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၊  AFC Cup ပြိုင်ပွဲများကို ဝင်ပြိုင်မည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရာသီကြို ခြေစမ်းပွဲ ငါးပွဲကစားထားပြီး နှစ်ပွဲနိုင်၊ သုံးပွဲ ရှုံးနိမ့်ထားသည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ၁၀ ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော် ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ၌မူ ချန်ပီယံ ဒိုင်းဆုရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly