အကြမ်းဖက်သမားများအား ထောက်ခံအားပေးသူကို အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် ပါကစ္စတန် ခန့်အပ်

အကြမ်းဖက်သမားများအား ထောက်ခံအားပေးသူကို အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် ပါကစ္စတန် ခန့်အပ်

အကြမ်းဖက်သမားများကို ထောက်ခံအားပေးသူအဖြစ် လူသိများသလို ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယား (PoK) ၏ အကြီးအကဲဟောင်းလည်းဖြစ်သည့် မာဆွတ်ဒ် ခန်း ကို အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လက အာဖဂန်အစိုးရ ပြုတ်ကျပြီးနောက် ပါကစ္စတန်သည် တာလီဘန်တို့ကို ကူညီရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ထားခဲ့သည်ဟု ယူဆမှုများ ရှိနေချိန် အကြမ်းဖက်သမားများအား ထောက်ခံအားပေးသူတစ်ဦးကို သံအမတ်သစ်အဖြစ် ခန့်အပ်ခဲ့ခြင်းကြောင့် ပါကစ္စတန်၏ ပုံရိပ်သည် အနိမ့်ဆုံး အမှတ်သို့ ရောက်ရှိနေခဲ့သည်။

မာဆွတ်ဒ် ခန်းသည် အန္တရာယ်ရှိသော အစွန်းရောက်တော်လှန်ရေးဝါဒီတစ်ဦးဖြစ်ပြီး ၎င်းသည် အနောက်ခြမ်းရှိ အစ္စလမ္မစ်များ၊ အရှေ့ခြမ်းရှိ ဂျီဟတ်ဒစ်များနှင့်အတူ အလုပ်လုပ်ခဲ့သည့် ရှည်လျားသည့် သမိုင်းတစ်ခု ရှိနေကြောင်း အမေရိကန်အခြေစိုက် မဂ္ဂဇင်းတစ်ခုဖြစ်သည့် National Review က ဖော်ပြသည်။

၎င်းကို သံအမတ်အဖြစ် ခန့်အပ်မှုက အမေရိကန်အပါအဝင် ကမ္ဘာတဝန်းရှိ အစ္စလမ္မစ်များကို အားပေးရန် လုပ်ဆောင်နေသည့် ပါကစ္စတန်အစိုးရ၏ ပို၍ ပို၍ အန္တရာယ်ကြီးလာနေသည့် သက်သေအထောက်အထားလည်း ဖြစ်သည်ဟု National Review က ဖော်ပြသည်။

ယခုနှစ် ဇူလိုင်လက PoK ၏ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့စဥ်အတွင်း မာဆွတ်ဒ် ခန်းသည် ၂၀၁၆ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင် အကြမ်းဖက်သမား ဘာဟန် ဝါနီ၏ သေဆုံးမှု ငါးနှစ်ပြည့်ခြင်း ပွဲတစ်ခုတွင် "အထူး မက်ဆေ့ချ်" တစ်ခုကို ထုတ်ဖော်ခဲ့သည်။

"ကျွန်တော်တို့ဟာ ဘာဟန် ဝါနီအတွက် ဒီနေ့မှာ ဝမ်းနည်းကြေကွဲစိတ်ဖြစ်မိပါတယ်၊ သူဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေပါတယ်၊ သူဟာ အကြောင်းတရားတစ်ခုကြောင့် သူ့အသက်ကို စွန့်လွှတ်ခဲ့ရသူပါ" ဟု ၎င်းက အခမ်းအနားတွင် ပြောခဲ့သည်ဟု အမေရိကန်မဂ္ဂဇင်းက ဖော်ပြသည်။

ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင်အဖွဲ့အပြင် ခန်းသည် အခြားသော အကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ခံအားပေးသူဖြစ်သည်ဟု သိရသည်။

၂၀၁၉ ခုနှစ်က ၎င်းသည် အစ္စလမ်မာဘတ်တွင် ပါတီစုံ ကက်ရှ်မီးယား စည်းလုံးညီညွတ်မှု ကွန်ဖရင့်တွင် ပါဝင်တက်ရောက်ခဲ့သည်။

ယင်းတွင် မာဆွတ်ဒ် ခန်းသည် ဟာကက်- အူ- မူဂျာဟစ်ဒင် (HuM) အဖွဲ့၏ တည်ထောင်သူ ဖက်ဇ်လာ ရာမန် ခါလီ နှင့်အတူ စင်မြင့်တစ်ခုကို အတူတူမျှဝေအသုံးပြုခဲ့သည်ဟု မီဒီယာဖော်ပြချက်ကို ကိုးကားပြီး National Review က ဖော်ပြသည်။ HuM ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတ်မှတ်ဖော်ပြခဲ့သည်။

"ခါလီဟာ အိုစမာ ဘင်လာဒင် (UBL) မသေဆုံးခင်ကလည်း ဘင်လာဒင် အပါအဝင် အယ်လ် ကိုင်ဒါ အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ပါတယ်၊ ခါလီဟာ UBL ရဲ့ နိုင်ငံတကာ အစ္စလမ္မစ် တပ်ဦးရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်၊ နောက်ပြီး သူဟာ အမေရိကန်ကို တိုက်ခိုက်မှုတွေလုပ်ဖို့ တောင်းဆိုပြီး ၁၉၉၈ မှာ ထုတ်ခဲ့တဲ့ UBL ရဲ့ ပထမဆုံး ဘာသာရေးစည်းမျဥ်းမှာ လက်မှတ်ထိုးခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်" ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပြုသည်။

မာဆွတ်ဒ် ခန်းသည် ကြမ်းတမ်းသည့် တောင်အာရှ အစ္စလမ္မစ် လှုပ်ရှားမှု Jamaat-e-Islami ၏ ထောက်ခံသူတစ်ဦးဖြစ်သလို "လေဒီ အယ်လ်ကိုင်ဒါ" ဟု သိကြသည့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အာဖီယာ ဆစ်ဒီကွေးကို ထောက်ခံသူလည်းဖြစ်သည်။

ပါကစ္စတန်သည် တာလီဘန်တို့နှင့်အကြား နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ရပ် ရှိထားပြီး ထိုအုပ်စုကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly