ရီယမ်ရေတပ်အခြေစိုက်စခန်း၌ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယားအရာရှိများကို အမေရိကန် ပိတ်ဆို့အရေးယူ

ရီယမ်ရေတပ်အခြေစိုက်စခန်း၌ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယားအရာရှိများကို အမေရိကန် ပိတ်ဆို့အရေးယူ

အမေရိကန်အစိုးရသည် အရှေ့တောင်အာရှ၏အကြီးဆုံး ရေတပ်အခြေစိုက်စခန်း၌ အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယား တာဝန်ရှိသူများကို နိုဝင်ဘာ ၁၀ ရက်၌ ဒဏ်ခတ်ပိတ်ဆို့ လိုက်သည်။ ဝါရှင်တန်က ငွေကြေးထောက်ပံ့ပေးထားသည့် အဆိုပါအခြေစိုက်စခန်းရှိ အဆောက်အအုံများကို ဖြိုဖျက်မှုသည် ထိုနေရာသို့ တရုတ်ဝင်ရောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်နေသော အမေရိကန် အရာရှိများ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပစ္စည်းနှင့်နည်းပညာဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် ချောင်ဖီရန်သည် ရီယမ်အခြေစိုက်စခန်းအဆောက်အအုံများ တည်ဆောက်မွမ်းမံခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းများမှ အကျိုးအမြတ်ရယူရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာနက ပြောသည်။

ချောင်ဖီရန်၊ တော်ဝင်ကမ္ဘောဒီးယားရေတပ် တပ်မှူး တီယာဗင်နှင့် အခြားအစိုးရအရာရှိများသည် အခြေစိုက်စခန်းရှိ အဆောက်အအုံများ၏ ကုန်ကျစရိတ်ကို ချဲ့ကားရန် ပူးပေါင်းကြံစည်ခဲ့ဖွယ်ရှိပြီး ၎င်းလုပ်ငန်းစဉ်မှ ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် ရရှိနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်ဘဏ္ဍာရေးဌာနက Magnitsky ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးတာဝန်ခံမှုဥပဒေအရ အရာရှိနှစ်ဦးနှင့် ၎င်းတို့မိသားစုဝင်များ၏ မည်သည့်ပိုင်ဆိုင်မှုမျိုးကိုမဆို သိမ်းဆည်းထားမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က သူမ၏ဇွန်လခရီးစဉ်အတွင်းတွင် ရီယမ်အခြေစိုက်စခန်း၌ တရုတ်စစ်တပ်ထားရှိမှုနှင့် အဆောက်အအုံများ ဆောက်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ခဲ့သည်ဟု ဆိုသည်။

ကာကွယ်ရေးဝန်ကြီး တီယာဘန်းက တရုတ်နိုင်ငံသည် မည်သည့်နှောင်ကြိုးမှမပါဘဲ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ကူညီပေးနေသည်ဟု ပြောကြားခဲ့သည်။ ၁ ပတ်အကြာတွင် အမေရိကန်ကာကွယ်ရေးသံမှူးတစ်ဦး အခြေစိုက်စခန်းသို့ လာရောက်လည်ပတ်စဉ်အပြည့်အဝ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရခြင်းက အမေရိကန်ကို စိတ်အနှောင့်အယှက် ထပ်မံဖြစ်စေခဲ့သည်။

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာဆိုင်ရာ ဝါရှင်တန်အကြံပေးအဖွဲ့က အဆောက်အအုံအသစ် ၃ လုံးနှင့် လမ်းမတစ်ခုအပါအဝင် အဆောက်အအုံအသစ်များဖြစ်ကြောင်း ပြသထားသည့် ဂြိုလ်တုဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် ရီယမ်အခြေစိုက်စခန်းအပေါ် အမေရိကန်၏စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ကမ္ဘောဒီးယား အရာရှိများအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly