ပါကစ္စတန် အတိုက်အခံပါတီမဟာမိတ်အုပ်စုက ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကို ဆန့်ကျင်ဆန္ဒပြ

By ANI
19 November 2021
ပါကစ္စတန် အတိုက်အခံပါတီမဟာမိတ်အုပ်စုက ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံရှိ အဓိကအတိုက်အခံပါတီများ မဟာမိတ်အဖွဲ့ဖြစ်သည့် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) သည် နိုဝင်ဘာ ၁၃ ရက်က ကရာချိမြို့ရှိ လူစည်ကားသော ရီဂဲလ် ချော့ခ်ဧရိယာတွင် လူထုစည်းဝေးပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပြီး ဝန်ကြီးချုပ် အီမရန် ခန်းအစိုးရ လက်ထက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

PDM အကြီးအကဲ မော်လာနာ ဖက်ဇ်လာ ရာမန်နှင့် အမျိုးသားလွှတ်တော်ရှိ ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် ရှီဘက်ဇ် ရှာရစ်ဖ်တို့က ထိုစုဝေးပွဲတွင် မိန့်ခွန်းပြောကြားဖွယ် ရှိကြောင်း Samaa TV က ဖော်ပြသည်။

အထူးသဖြင့် ဖက်ဇ်လာ ရာမန် ၏ Jamiat Ulema-e-Islam ပါတီ အပါအဝင် PDM ပါတီများမှ ပါတီဝင် ရာနှင့်ချီတို့ ထိုစုဝေးပွဲတွင် စုဝေးတက်ရောက်ခဲ့ကြသည်။

ကရာချိမြို့ ယာဥ်ထိန်းရဲများသည် ရီဂဲလ် ချော့ခ်သို့ ဦးတည်သည့် အနည်းဆုံး လမ်းငါးလမ်းကို ပိတ်ထားခဲ့ပြီး ယာဥ်အသွားအလာ အစီအစဥ်တစ်ခုကို ထုတ်ဖော်ခဲ့ကြောင်း Samaa TV က ဖော်ပြသည်။

နိုင်ငံတဝန်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုကို ဆန့်ကျင်လျက် ချီတက်ဆန္ဒထုတ်ဖော်ရန်နှင့် ယင်းနောက် အစ္စလမ်မာဘတ်သို့ ခရီးရှည်ချီတက်မှု လုပ်ဆောင်ရန် PDM က ကြေညာခဲ့ပြီးနောက် ရက်များအကြာတွင် ယင်းစုဝေးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှု မြင့်တက်မှုနှင့်ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်ပြီး လူထုစည်းဝေးဆန္ဒထုတ်ဖော်ပွဲများကို ကရာချိ၊ ကွက်တာ၊ လာဟိုးနှင့် ပက်ရှာဝါတို့တွင် ပြုလုပ်သွားမည်ဟု PDM က အသိပေးထုတ်ဖော်ထားသည်။

မကြာသေးခင်ကာလအတွင်း ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရက နိုင်ငံတွင် ဓာတ်ဆီ ဈေးနှုန်းပိုင်းတွင် တစ်လီတာလျင် ပါကစ္စတန် ရူပီး ၈ ဒသမ ၀၃ ရူပီး တိုးမြင့်ကြောင်း ကြေညာထားခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်ကလည်း ဝန်ကြီးချုပ်က နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်မှု ဖြစ်လိမ့်မည်ဟု ပြည်သူများကို သတိပေးထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required