ပါကစ္စတန်တပ်ဖွဲ့များက ကျောင်းသားများကို အဓမ္မခေါ်ဆောင်မှုဖြစ်စဉ်အတွက် ဘာလိုချီစတန်တွင် ဆန္ဒပြမှုများ ဆက်လက်ပေါ်ပေါက်

By ANI
19 November 2021
 ပါကစ္စတန်တပ်ဖွဲ့များက ကျောင်းသားများကို အဓမ္မခေါ်ဆောင်မှုဖြစ်စဉ်အတွက် ဘာလိုချီစတန်တွင် ဆန္ဒပြမှုများ ဆက်လက်ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ကျောင်းသားနှစ်ဦးအား ပါကစ္စတန်တပ်ဖွဲ့များက အဓမ္မခေါ်ဆောင်သွားမှု ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်ပြီး ဘာလိုချီစတန်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၁ ရက်က ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဥ်ဖြစ်ပြီးနောက် ပညာရေးအဖွဲ့အစည်းအားလုံးရှိ စာသင်ခန်းများနှင့် စာမေးပွဲများကို သပိတ်မှောက်ကြရန် ကျောင်းသားခေါင်းဆောင်များက ဆော်သြထားခဲ့ကြကြောင်း အူရဒူ သတင်းစာ Express Daily က ဖော်ပြသည်။

အဓမ္မခေါ်ဆောင်ခံခဲ့ရသူများမှာ လယ်လ် မူဟာမက်ဒ်ဆိုသူ၏ သားဖြစ်သည့် ဆိုဟေးလ် အာမက်ဒ်နှင့် ဖာဆီ ဘာလို့ချ်တို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘာလိုချီစတန်ပြည်နယ် နော့ရှ်ကီ ခရိုင်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တပ်ဖွဲ့များသည် ထိုကျောင်းသားနှစ်ဦးကို တက္ကသိုလ် ဘော်ဒါဆောင်ကနေ နိုဝင်ဘာ ၈ ရက်က အတင်းအဓမ္မခေါ်ဆောင်ပြီး ပျောက်ကွယ်စေခဲ့ခြင်းဖြစ်ကြောင်း Balochistan Post က ဖော်ပြသည်။

"ကျောင်းသားနှစ်ယောက်က တက္ကသိုလ် ဘော်ဒါဆောင်ကနေ ပျောက်သွားတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်၊ ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်တန်းထားခဲ့ပေမယ့် သူတို့ဘက်က အရေးတယူ မလုပ်ကြပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ဟာ ဘာလိုချီစတန် တက္ကသိုလ် ဂိတ်ရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်မှုတစ်ခုကို လုပ်ခဲ့ရပါတယ်" ဟု ကျောင်းသား ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဘာလိုချီစတန်တွင် ယင်းကဲ့သို့ ပျောက်ကွယ်သွားမှုများနှင့်ပတ်သက်ပြီး ရှည်လျားသည့် သမိုင်းကြောင်းတစ်ခု ရှိနေသည်။

ဘာလိုချီစတန်ကို တရားမဝင် သိမ်းပိုက်မှုနောက်ပိုင်း ထောင်နှင့်ချီသော ဘာလို့ချ်လူမျိုးစုဝင်များ ပြန်ပေးဆွဲခံရမှုများ၊ ပျောက်ကွယ်မှုများ ရှိနေခဲ့သလို အခြားလူပေါင်း ရာနှင့်ချီတို့သည်လည်း ပါကစ္စတန်၏ "သတ်ပြီး ပစ်ထားခဲ့" ဆိုသည့် မူဝါဒအောက်တွင် ရှင်းထုတ်ခံထားခဲ့ရကြောင်း သိရသည်။ လူထောင်နှင့်ချီတို့သည်လည်း ရှာမတွေ့ဘဲ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

တိုးတက်သော ကမ္ဘာနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ နှုတ်ဆိတ်နေမှု၊ မလှုပ်မရှားဘဲ ရှိနေမှုတို့နှင့်အတူ ဘာလိုချီစတန်တွင် မီဒီယာ သို့မဟုတ် အခြား နည်းစနစ်များ မရှိမှုတို့ကြောင့် ယင်းကိစ္စသည် ယနေ့အချိန်အထိ ဖိနှိပ်ခံထားရသည်။

သိမ်းပိုက်မှု၏ ပထမဆုံးနေ့မှစပြီး ဘာလိုချီစတန်ရှိ ဖိနှိပ်ခံလူများကို ရေငုံနှုတ်ပိတ်စေရန် ပါကစ္စတန်အာဏာပိုင်တို့က အတင်းအဓမ္မ ပျောက်ကွယ်စေမှုကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုထားခဲ့သည်။

မရေမတွက်နိုင်သော ပြန်ပေးဆွဲခံရသူများ အသတ်ခံထားခဲ့ရသလို ၎င်းတို့အနက် အများအပြားသည် စစ်တပ်လျှို့ဝှက်စခန်းများတွင် လူမဆန်သည့် နှိပ်စက်ညှင်းပန်းမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly