ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် J&J COVID-19 ကာကွယ်ဆေးများ အမေရိကန် ပေးပို့လှူဒါန်းမည်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် J&J COVID-19 ကာကွယ်ဆေးများ အမေရိကန် ပေးပို့လှူဒါန်းမည်

နိုဝင်ဘာ ၁၈

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများအတွက် Johnson & Johnson COVID-19 ကာကွယ်ဆေးပုလင်း သန်းချီကို ဒီဇင်ဘာလထဲတွင် အမေရိကန်က လွှဲပြောင်းပေးပို့သွားမည် ဖြစ်ပြီး ယင်းသည် ပဋိပက္ခဇုန်များသို့ ကာကွယ်ဆေးများ လှူဒါန်းပေးမည်ဆိုသည့် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ ကတိကဝတ် တစိတ်တဒေသအဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း  ယင်းကိစ္စနှင့်ပတ်သက်ပြီး သိရှိသူနှစ်ဦးက ပြောသည်။

ထို ကာကွယ်ဆေးများကို ကမ္ဘာတဝန်း ကာကွယ်ဆေးဖြန့်ဖြူးရေး အဖွဲ့ဖြစ်သည့် COVAX က ကြီးကြပ်သည့် ကာကွယ်ဆေးမျှဝေမှု အစီအစဉ်တစ်ခုကနေတဆင့် ပေးပို့သွားမည်ဖြစ်သည်။ COVAX သည် ပဋိပက္ခကြောင့် လူသားချင်းစာနာမှု အရေးပေါ်အခြေအနေများ ကြုံတွေ့နေရသော ခုခံနိုင်စွမ်းမရှိသည့် လူများ၊ နိုင်ငံမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားပြီး အစိုးရများနှင့် လက်လှမ်းမမှီသော ဧရိယာများတွင် နေထိုင်နေကြရသူများအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အဆင်ပြေစေရန် ပံ့ပိုးလုပ်ဆောင်လျက် ရှိသည်။

Johnson & Johnson ကာကွယ်ဆေးပုလင်း အများအပြားကို ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်ကမ့်စခန်းများတွင် ရှိနေသူများထံ ပို့ဆောင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ယခုနှစ်အစောပိုင်းတွင် ထို ဒေသသို့ လူထောင်နှင့်ချီ ထွက်ပြေးရောက်ရှိထားခဲ့ကြသည်။

ခုခံနိုင်စွမ်းမရှိဘဲ အားနည်းချက်ရှိသည့် လူအစုအဖွဲ့များအတွက် COVID-19 ကာကွယ်ဆေးများ ရောက်ရှိစေရေး လုပ်ဆောင်ရန် ရည်ရွယ်ပြီး COVAX အတွင်း ထူထောင်ထားသည့် လူသားချင်းစာနာမှု ကြားခံဆောင်ရွက်မှု ယန္တရားထံ Johnson & Johnson ကာကွယ်ဆေးပုလင်းများ အမေရိကန်ဘက်က လှူဒါန်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ ထို့ပြင် အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမှုတစ်ခုအတွင်း ဝင်ငွေ နည်းပါးသော နိုင်ငံများ၊ ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံများထံ ကာကွယ်ဆေးများ လှူဒါန်းရေး၊ ကမ္ဘာတဝန်း ရောက်ရှိရန် ခက်ခဲသော ဒေသများသို့ ကာကွယ်ဆေးများ ပေးပို့မှုကို အဆင်ပြေစေရေးအတွက် ပိုမို အားထုတ်ကြရန် အခြားနိုင်ငံများကိုလည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်။

ယခု Johnson & Johnson ကာကွယ်ဆေးများ ပို့ဆောင်မှု၏ အခြားအသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။ ကာကွယ်ဆေးပုလင်းအရေအတွက် မည်မျှကို နယ်စပ်သို့ ပို့ဆောင်သွားမလဲ ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးသလို မည်သည့်အဖွဲ့အစည်းများမှ မြေပြင်တွင် ကာကွယ်ဆေးပုလင်းများကို ကူညီဖြန့်ဖြူးပေးသွားမလဲ ဆိုသည်ကိုလည်း မသိရသေးပေ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန် ပုဂ္ဂလိက လူသားချင်းစာနာမှု မစ်ရှင်တစ်ခုဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ယခု ကာကွယ်ဆေးပို့ဆောင်မည့် သဘောတူညီချက် ထွက်ရှိလာခြင်းဖြစ်သည်။ ရစ်ချတ်ဆန်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး COVID-19 အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သလို နိုင်ငံအတွက် အကူအညီများကို အဆင်ပြေချောမွေ့စွာ ပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly