ဟောင်ကောင်တွင် မကြာမီထွက်ရှိလာမည့် စာအုပ်တစ်အုပ်က ကွန်မြူနစ်တရုတ်နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်မှာ မိန်းမလျာဖြစ်နိုင်ဖွယ်ရှိဟု သုံးသပ်ပြောကြား

ဟောင်ကောင်တွင် မကြာမီထွက်ရှိလာမည့် စာအုပ်တစ်အုပ်က ကွန်မြူနစ်တရုတ်နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်မှာ မိန်းမလျာဖြစ်နိုင်ဖွယ်ရှိဟု သုံးသပ်ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ - ၂၉ ။             ။ နှစ်သစ်တွင် ဟောင်ကောင်၌ ထုတ်ဝေမည့် စာအုပ်တစ်အုပ်က ကွန်မြူတစ်တရုတ်နိုင်ငံ၏ အများက လေးစားကြသည့် ပထမဆုံးဝန်ကြီးချုပ်မှာ ကာလရှည် လက်ထပ်ထားသူဖြစ်သော်လည်း နုစဉ်က သူ့ထက်နှစ်နှစ်ငယ်သည့် ကျောင်းနေဖက် ယောကျ်ားလေးတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့ဖူးသောကြောင့် မိန်းမလျာ တစ်ယောက်ဖြစ်နိုင်သည်ဟု ပြောကြား ထားသည်။

ဤအချက်မှာ ကွန်မြူနစ်ပါတီက ၎င်း၏ ထိပ်တန်းခေါင်းဆောင်များကို ကျင့်ဝတ်ပိုင်းအရ မဝေဖန်အပ်သူများအဖြစ် ထိန်းသိမ်းထားရာ၊ တရားဝင် နှိပ်ကွက်မှုမရှိသော်လည်း ဒွိလိင်သဘာဝကို မျက်မှောက်ကြုတ်ကြရာ တရုတ်နိုင်ငံတွင်မူ အငြင်းပွားစရာ ကွဲလွဲမှုတစ်ခုပင် ဖြစ်သည်။

 ယခုစာအုပ်မှာ သူမ၏ ပထမဆုံးစာအုပ်ဖြစ်သော်လည်း ဟောင်ကောင်အခြေစိုက် စာရေးဆရာမ ဇွိုင်ဝင်းမွေ (Tsoi Wing-mui)မှာ လစ်ဘရယ်နိုင်ငံရေးမဂ္ဂဇင်းတစ်ခုမှ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ယခင်ကလည်း မိန်းမလျာအကြောင်းများကို ရေးသားလာခဲ့သူပင် ဖြစ်သည်။

သူမက ချူနှင့် သူ့ဇနီး တိန့်ယင်ချောင်းတို့ ရေးသားခဲ့သည့် တိုင်းသိပြည်သိပေးစာများနှင့် နေ့စဉ်မှတ်တမ်းများကို ရနိုင်သမျှစုဆောင်းဖတ်ရှုရာတွင် ကျောင်းနေဖက်တစ်ယောက်ကို ချူ၏ ချစ်ခင်မှုနှင့် ဇနီးဖြစ်သူနှင့် စိတ်ပိုင်းအရ ဝေးကွာမှုများအကြောင်းကို အသေးစိတ် ရေးသားထားသည့် စာများအရ ချူမှာ မိန်းမလျာတစ်ယောက် ဖြစ်နိုင်သည်ဟု ကောက်ချက်ချရခြင်းဖြစ်သည်ဟု ဆိုသည်။

ချူမှာ ကွန်မြူနစ်ပါတီ အာဏာရလာခဲ့သည့် ၁၉၄၉ အောက်တိုဘာ တော်လှန်ရေးမှသည် ခေတ်သစ် တရုတ်ပြည်ကို တည်ထောင်ခဲ့သူ တော်လှန်ရေးရဲဘော် မော်စီတုန်း မကွယ်လွန်မီ လအနည်းငယ်အလို ၁၉၇၆ခုနှစ်တွင် ကင်ဆာရောဂါဖြင့် မသေဆုံးမီအထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။  

ချူအင်လိုင်း၏ လျှို့ဝှက်စိတ်ပိုင်းဘဝဟု အမည်ပေးထားသည့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့်ြ စာအုပ်မှ ကောက်နုတ်ချက်များကို ရိုက်တာက ရရှိထားသည်။ ထိုစာအုပ်ကို ၁၉၈၉ခုနှစ် တိန့်အန်မင်ရင်ပြင်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို ဖြိုခွင်းမှုအပြီး အဖယ်ရှားခံခဲ့ရသည့် ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း ကျောက်ကျိယန်၏ လျှို့ဝှက်နေ့စဉ်မှတ်တမ်းများကို ထုတ်ဝေခဲ့သည့် စာပေတိုက်တစ်တိုက်တည်းမှပင် ထုတ်ဝေခြင်းဖြစ်သည်။

စာရေးဆရာမဇွိုင်က ချူ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ပါတီက ထုတ်ဝေခဲ့သည့် စာအုပ်များကို ပြန်ည်ဖတ်ရှုခဲ့ရာ ယင်းစာအုပ်များထဲတွင် ချူပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အက်ဆေးများ ပါဝင်သကဲ့သို့ ၁၉၁၂မှ ၁၉၂၄အတွင်း ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းများ၊ ပေးစာများ၊ ကဗျာများ၊ ဝတ္ထုများနှင့် စာတန်းများလည်း ပါဝင်သည်ဟု ဆိုသည်။

ချူအင်လိုင်းဟာ ကံမကောင်းအကြောင်းမလှစွာ နှစ်၁၀၀လောက် စောမွေးခဲ့တဲ့ မိန်းမလျာနိုင်ငံရေးသမားတစ်ယောက်ပါဟု ဇွိုင်က သူမ၏စာအုပ်ထဲတွင် ရေးသားခဲ့သည်။

ဒွိလိင်သဘာဝဟူသည့် အကြောင်းအရာကို သူတို့ မရင်းနှီးခဲ့ကြသောကြောင့် မည်သည့်ပညာရှင်ကမှ ပွင့်ပွင့်လင်းလင်း ချိတ်ဆက်ကြည့်ခဲ့ခြင်းမရှိ၍ နေ့စဉ်မှတ်တမ်းများ၏ တကယ့်အဓိပ္ပာယ်အမှန်မှာ ပုန်းကွယ်နေခဲ့ရသည်ဟ စာရေးဆရာမဇွိုင်က ရိုက်တာသို့ ပြောကြားခဲ့သည်။

‘ပြည်မကြီးက တရုတ်စာရေးဆရာတွေဟာ ဒီလိုကိစ္စမျိုးနဲ့ ကြုံလာတဲ့အခါမှာတောင် ဒွလိင်သဘာဝဖြစ်နိုင်တယ်လို့ မစဉ်းစားမိခဲ့ကြဘူးဟု သူမက ပြောကြားသည်။   

မျက်မှောက်ခေတ်တရုတ်ပြည်တွင် မိန်းမလျာအဖြစ်ကို တရားမဝင်ဟု ကန့်သတ်ပိတ်ပင်ထားခြင်းမရှိဘဲ၊ မြို့ကြီးများတွင် မိန်းမလျာများကို ပေါ်ပေါ်တင်တင် တွေ့မြင်နိုင်သော်လည်း မိန်းမလျာယောကျ်ား၊ ယောကျာ်းလျာမိန်းမများကိုပင် အိမ်ထောင်ပြု ကလေးယူရန် မိသားစုများက ဖိအားပေးနေမြဲပင် ဖြစ်သည်။

တရုတ်နိုင်ငံတွင် သူတို့မိန်းမလျာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောသည့် ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် လက်တစ်ဆုပ်စာမျှရှိရာတွင် မည်သည့်နိုင်ငံရေးသမားမျှ သူတို့ မိန်းမလျာဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly