စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ခံရသူ ကိုယ်ဝန် ခုနှစ်လနှင့် အမျိုးသမီးအား မေးမြန်းချက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ခံရသူ ကိုယ်ဝန် ခုနှစ်လနှင့် အမျိုးသမီးအား မေးမြန်းချက်

နိုဝင်ဘာ ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန် ခုနှစ်လ လွယ်ထားသူ၊ ကလေး လေးယောက်မိခင်၊ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သား နှစ်ဦးက နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးထံက သိရပါသည်။

ထိုနေ့တွင်ပင် မီးနေသည်ဖြစ်သူ တစ်လခွဲအရွယ်ကလေး၏ မိခင်ကိုလည်း စစ်သားသုံးဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ သမီးယောက်မများဖြစ်ပြီး နှစ်ဦးစလုံးသည် ၎င်းတို့၏ ခင်ပွန်းဖြစ်သူ ရှေ့တွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရသည်။

မေး။ ။ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ ပထမအကြိမ်လာတုန်းက ည ၁၀ နာရီကျော်ကျော်လောက်မှာ သူတို့ဝင်လာပြီး မင်းတို့ ဒီတိုင်းပဲနေလိုက်ကြ။ မင်းတို့မှာ ပိုက်ဆံရှိလားလို့ မေးတော့။ကျွန်မတို့ကလည်း ဘာမှမရှိဘူးလို့ ပြန်ဖြေလိုက်တယ်။ အေး နင်တို့ပိုက်ဆံမရှိလည်း ရတယ်ဆိုပြီးအပြင်ကို ပြန်ထွက်သွားကြတယ်။ နောက် ည ၁၁နာရီလောက် ဖြစ်မယ်။ နောက်ထပ် သူတို့ပြန်ဝင်လာကြတယ်။ ဒီမှာ လာအုံး။ နင့်နားကပ် ချွတ်ပေးစမ်း။ ငါ့ကို ပေးစမ်း။ နင် မပေးရင် ငါပစ်သတ်လိုက်မယ်ဆိုပြီး ပြောတော့ ကျွန်မ နားကပ်ကို ဖြုတ်ပြီးပေးလိုက်တယ်။ ကျွန်မယောက်ကျားကိုလည်းကြမ်းပြင်ပေါ်မှာ မှောက်ခိုင်းတယ် သေနတ်ဒင်နဲ့ ထုတယ်။ ခေါင်းကို ခြေတောက်တွေနဲ့နင်းတယ်။ ပြီးတော့ မင်းအပြင်ကို ထွက်ဆိုပြီးပြောတယ်။ ကျွန်မကိုတော့ လာခဲ့စမ်းဆိုပြီး ရေချိုးခန်းကိုခေါ်ပြီးတော့ အဓမ္မကျင့်ကြတယ်။ နှစ်ယောက်စလုံးက ကျွန်မကို တစ်ကြိမ်စီ ပြုကျင့်ကြတယ်။ ပြီးတော့ကျွန်မကို ဝမ်းသာလားဆိုပြီး မေးတယ်။ ဝမ်းမသာဘူးလို့လည်း ပြောလို့မရ၊ ဝမ်းသာတယ်လို့လည်းပြောလို့က အဆင်မပြေ၊ ဟုတ်တယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ မဟုတ်ဘူးဆိုလည်း အသတ်ခံရမှာလေ။ သူတို့ထွက်သွားခါနီး ကျွန်မယောက်ျားကို ရိုက်ပြီးသွားကြတာ။ ပါးစပ်ထဲကနေ သွေးတွေထွက်လာတယ်။ နောက်တစ်ကြိမ် ထပ်ဝင်လာပြီး တံခါးပြန်ဖွင့်ပါလို့ ပြောတော့ ကျွန်မလည်း တံခါးကို သွားဖွင့်လိုက်တယ်။ နောက်တစ်ကြိမ်လည်း နှစ်ယောက်စလုံး ပြန်ပြီးတော့ အဓမ္မပြုကျင့်ကြတယ်။ ပြီးတော့ ကျွန်မရဲ့ မအင်္ဂါကို ကိုက်တာ၊ ကျွန်မသွေးတွေတော်တော်များ ထွက်လာတယ်။ အခုထိလည်း နာနေတယ်။ အနာကလည်း မကျက်သေးဘူး။ ဒုတိယအကြိမ် ထပ်လာတာတော့ ၂ နာရီ ကျော်ကျော်လောက်ဖြစ်မယ်။ နာရီတွေလည်း ဖြုတ်ယူသွားကြတော့ အချိန်တိတိကျကျ မမှတ်မိတော့ဘူး။

မေး။ ။ အခုဗိုက်ထဲက ကလေးက ဘယ်နှစ်လရှိပြီလဲ။

ဖြေ။ ။ ခုနှစ်လရှိပြီ။

မေး။ ။ ဒုတိယအကြိမ် သူတို့ပြန်ဝင်လာတဲ့ အချိန် အစ်မအမျိုးသားရှိလား။

ဖြေ။ ။ယောက်ျားကို ထမလာနဲ့ ထမလာနဲ့ဆိုပြီး ဆေးလိပ်ပြာခွက်နဲ့ ပေါက်ကြတယ်။ ပြီးတော့အိမ်ထဲက ဓာတ်မီးကို သူတို့ထွန်းကြတယ်။ မီးမလင်းတော့အဲဒီဓါတ်မီးနဲ့ ယောက်ျားခေါင်းကို ပေါက်ကြတယ်။ ကျွန်မယောက်ျားဆိုရင်လည်း သူ့ခေါင်း၊ နှာခေါင်းနဲ့ပါးစပ်တွေမှာ သွေးတွေအများကြီးထွက်တယ်။ လာတဲ့သူတွေကိုယ်မှာ အရက်နံလည်းနံတယ်။ အရက်ပုလင်းတွေလည်း ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required