ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အရပ်သားများ သတ်ဖြတ်ခံရမှုအပေါ် ဆရီနဂါမြို့၌ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အရပ်သားများ သတ်ဖြတ်ခံရမှုအပေါ် ဆရီနဂါမြို့၌ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် ဘန်ဒီပိုရာခရိုင်တွင် အရပ်သား ၃ ဦး သတ်ဖြတ်ခံရခြင်းအပေါ် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြို့တွင် နိုဝင်ဘာ ၁၀ ရက်က အာမာနတ်ယက်ထရာ လူမှုရေးအသင်းက ဖယောင်းတိုင်ထွန်း၍ ဆန္ဒပြခဲ့ကြသည်။

လှည့်လည်ရောင်းချသည့် ဈေးသည်တစ်ဦးနှင့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး အပါအဝင် စုစုပေါင်း အရပ်သား ၃ ဦးသည် ပြည်ထောင်စုနယ်မြေအတွင်း သီးခြား ဖြစ်စဉ် ၃ ခုတွင် နိုဝင်ဘာ ၃ ရက်က အကြမ်းဖက်သမားတို့၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းအပေါ် ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ နိုင်ငံရေးခေါင်းဆောင်များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ကြကြောင်း အာမာနတ်ယက်ထရာ လူမှုရေးအသင်း၏ ဥက္ကဌဖြစ်သူ နာနာဂျီဒမ်ဘီက ပြစ်တင်ပြောကြားလိုက်သည်။

“မနေ့က အရပ်သား ၃ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီနေ့ ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြတာပါ။ အရင်အစိုးရထက်ထက်က ထိပ်ပိုင်းခေါင်းဆောင်တွေက ဘာလို့ နှုတ်ပိတ်နေကြတာလဲ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာလို့ မပြောကြတာလဲ” ဟု ၎င်းက ပြောကြားသည်။

“ဒီဖြစ်စဉ်တွေ ဂျမူးနဲ့ ကက်ရှ်မီးယားမှာ ဘာကြောင့် ဖြစ်နေတာလဲလို့ အစိုးရကို မေးချင်ပါတယ်။ ကက်ရှ်မီးယားမှ လူကောင်းတွေအတွက် မလုံခြုံဘူးဖြစ်နေတယ်။ ဘာကြောင့် သူတို့ ဒုက္ခရောက်နေတာလဲ” ဟု ဒမ်ဘီက မေးခွန်းထုတ်ခဲ့သည်။

“သူတို့တွေက အပြစ်မဲ့ ပြည်သူတွေပါ။ သူတို့အလုပ်ကိုပဲ သူတို့ လုပ်နေကြတယ်။ အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူတစ်ယောက်ကို သတ်ရင် သူတို့ကို ဝိုင်းဝန်း ဆန့်ကျင်ကြဖို့ လိုပါတယ်” ဟု ၎င်းက‌ ပြောကြားသည်။

ဝန်ကြီးချုပ်မိုဒီအနေဖြင့် ပြည်ထောင်စုနယ်မြေအတွင်း အကြမ်းဖက်သမားများရန်မှ ကာကွယ်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်.

“ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှ ကျွန်တော်တို့ကို လုံခြုံရေးပေးဖို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို တောင်းဆိုပါတယ်။ အခုလို သတ်ဖြတ်ခံရမှုမှာ သူဘာလို့ တစ်ခွန်းမှ မပြောတာလဲ” ဟုလည်း ဒမ်ဘီက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေအတွင်းရှိ ခေါင်းဆောင်အများအပြားက နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မနော့ဆင်ဟာကလည်း အကြမ်းသမားတို့၏ ဒုစရိုက်လုပ်ရပ်များ မည်သည့်အခါမှ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်တွင် “ အကြမ်းဖက်သမားများက အရပ်သားများအား သတ်ဖြတ်ခြင်းအပေါ် ကျွန်တော် ပြင်းထန်စွာ ရှုတ်ချပါတယ်။ အပြစ်မဲ့ အရပ်သားတွေကို ရက်စက်စွာ သတ်ဖြတ်ခြင်းဟာ လူသားမဆန်ရာရောက်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ဒုစရိုက်လုပ်ရပ်တွေဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် တရားစီရင်ရပါမယ်။ ကျန်ရစ်သူမိသားစုတွေကို များစွာ ကြေကွဲဝမ်းနည်းကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ဖော်ပြထားသည်။

နယ်မြေဝန်ကြီးချုပ်ဟောင်း အိုမာအဗ္ဗဒူလာကလည်း ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်၌ အရပ်သားများ တိုက်ခိုက်ခံရမှုများကို ပြစ်တင်ရှုတ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly