ကျူးဘားမှာ တားမြစ်ထားတဲ့ ဆန္ဒပြပွဲ မတိုင်ခင် သဘောထားကွဲလွဲသူတွေကို ဖမ်းဆီး 

ကျူးဘားမှာ တားမြစ်ထားတဲ့ ဆန္ဒပြပွဲ မတိုင်ခင် သဘောထားကွဲလွဲသူတွေကို ဖမ်းဆီး 

နိုဝင်ဘာ ၁၆

ကျူးဘားနိုင်ငံမှာ အာဏာပိုင်တွေ တားမြစ်ထားပေမယ့် စီစဉ်သူတွေက ကျင်းပဆင်နွှဲမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူထုစုရုံးမှုမတိုင်ခင် တနင်္လာနေ့မှာ အထင်ကရ သဘောထားကွဲလွဲသူတွေကို အစိုးရက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲမှာ အတိုက်အခံခေါင်းဆောင် အသက် ၅၈ နှစ်ရှိ မန်နျူရယ် ကူစတာ မိုရူယာ၊ လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တစ်ရပ်ရဲ့ အကြီးအကဲ ဘာတာ ဆိုလာနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း အိန်ဂျယ် မိုယာတို့ ပါဝင်တယ်လို့ အသိမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။ 
နောက်ထပ် အစိုးရကို ဝေဖန်သူတစ်းဖြစ်တဲ့ ဂွီလာမို ဖာရီနက်စ်ဟာလည်း သောကြာနေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲစီစဉ်သူတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာသမား တော်တော်များများကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက အိမ်တွေမှာ ဝိုင်ရံပိတ်ဆို့ထားပြီး အင်တာနက်လည်း ဖြတ်တောက်ထားပါတယ်။ 

ကျူးဘားပြည်သူတွေအနေနဲ့ ဟာဗားနားနဲ့ ပြည်နယ်ခြောက်ခုမှာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ဆင်နွှဲကျင်းပမယ့် လူထုစုရုံးပွဲကို စောင့်ကြည့်နေချိန်မှာ မြို့တော်က လမ်းတွေမှာ ရဲအင်အား အများအပြားကို ဖြန့်ကြက်ချထားပါတယ်။ 

မြို့ရဲ့ ကမ်းခြေဖက်ခြမ်းမှာဆိုရင် လမ်းထောင့်တိုင်းလိုလိုမှာ ယူနီဖောင်းဝတ်ရဲတွေ နေရာယူထားပြီး ရင်ပြင်တွေနဲ့ ပန်းခြံတွေမှာလည်း အရပ်ဝတ်တာဝန်ရှိသူတွေ ကင်းလှည့်နေကြပါတယ်။ 

နိုဝင်ဘာ ၁၅ ရက် လူထုစုရုံးမှုကို တာဝန်ရှိသူတွေ တားမြစ်ထားတဲ့ကြားက ဆင်နွှဲမှာ ဖြစ်တယ်လို့ ကျူးဘားအတိုက်အခံတွေက ပြောကြပါတယ်။ ကျူးဘားနိုင်ငံမှာ ဇူလိုင်လအတွင်းက ရှားရှားပါးပါး အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး လူရာပေါင်းများစွာ ဖမ်းဆီးခံထားရတာကြောင့် အခု လူထုစုရုံးပွဲဟာလည်း ဘေးအန္တရာယ်များတဲ့ စုရုံးမှု ဖြစ်နိုင်ပါတယ်။ 

ဆန္ဒပြပွဲစီစဉ်သူတွေဟာ အမေရိကန် ကျောထောက်နောက်ခံနဲ့ အစိုးရအုပ်ချုပ်ရေး ပြောင်းလဲအောင် ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ အမေရိကန်ဟာ ကွန်မြူနစ်ကျွန်းနိုင်ငံကို ကျူးဘားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဆဲ ဖြစ်ပါတယ်။ 

တနင်္လာနေ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ လူမှုမီဒီယာကနေ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ကောင်းမွန်ရေးအတွက် ဖိအားပေးတောင်းဆိုရန်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးဖို့ တိုက်တွန်းကြပါတယ်။ 

ဇူလိုင်လက ဆန္ဒပြသမှုတွေကတော့ စီးပွားရေး အကျပ်အတည်းအပေါ် စိတ်ဆိုးဒေါသထွက်မှု ကြီးထွားလာတာနဲ့ လွတ်လပ်ခွင့် ပိုပြီး တောင်းဆိုရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေမှာ လူတစ်ဦး သေဆုံးခဲ့ပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့ကာ လူပေါင်း ၁၂၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ 
လက်ရှိအထိ ထောင်ချထားသူ ၆၅၀ ကျော်ထက်မနည်း ရှိနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တစ်ရပ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly