စင်ကာပူမှာ COVID-19 ကာကွယ်ဆေး မထိုးသူတွေကို ဆေးဝါးစရိတ် ပေးတော့မှာ မဟုတ် 

စင်ကာပူမှာ COVID-19 ကာကွယ်ဆေး မထိုးသူတွေကို ဆေးဝါးစရိတ် ပေးတော့မှာ မဟုတ် 

နိုဝင်ဘာ ၁၆

စင်ကာပူနိုင်ငံမှာ COVID-19 ကာကွယ်ဆေး မထိုးဘဲ နေသူတွေကို လာမယ့်လကစလို့ ဆေးဝါးစရိတ် မပေးတော့ဘဲ ရပ်ဆိုင်းပစ်တော့မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးစနစ် ဝန်ပိလောက်တဲ့အထိ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ကူးစက်ဖြစ်ပွားနေချိန်မှာ ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

သေးငယ်တဲ့ စင်ကာပူနိုင်ငံမှာ ကပ်ဘေးစတင်ချိန်ကစလို့ အဆိုးဆုံး COVID-19 ကူးစက်မှုလှိုင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး နေ့စဉ်ကူးစက်သူပေါင်းက ၂၀၀၀ ကနေ ၃၀၀၀ ကြား ရှိသလို သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

စင်ကာပူအစိုးရဟာ ပြည်ပက ပြန်လာပြီး မကြာတဲ့အချိန်အတွင်း ဗိုင်းရပ်စ် ကူးစက်ကြောင်း တွေ့ရှိသူတွေကလွဲလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ စင်ကာပူနိုင်ငံသားတိုင်းနဲ့ အခြား နေထိုင်သူတွေကို ကျန်းမာရေးစရိတ် ကျခံပေးနေတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီဇင်ဘာ ၈ ရက်စပြီး အာဏာပိုင်တွေဟာ ကိုယ်တိုင် ရွေးချယ်ပြီး ကာကွယ်ဆေး မထိုးနှံတဲ့ COVID-19 လူနာတွေကို ကျန်းမာရေးစရိတ် စတင်ကောက်ယူတော့မှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။ 

“အထူး ကြပ်မတ်ကုသဖို့ လိုအပ်နေသူ COVID-19 လူနာအများစုဟာ ကာကွယ်ဆေး မထိုးနှံကြတဲ့ သူတွေပါ၊ ဒီလူနာတွေ များများစားစား ရှိနေပြီး မိမိတို့ရဲ့ ကျန်းမာရေးစနစ်အတွက် ဝန်ပိရတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အသက် ၁၂ နှစ်အောက် ကလေးငယ်တွေလို ကာကွယ်ဆေး ထိုးနှံခွင့် မရှိသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ ကုသလမှု ခံယူရတာမှတော့ အပြည့်အဝ ကျန်းမာရေးစရိတ် ပေးသွားမှာ ဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ ကာကွယ်ဆေး ထိုးနှံနှုန်း အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပဲ ဖြစ်ပါတယ်။ လူဦးရေ ၅ ဒသမ ၅ သန်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ပါတယ်။ 

ကမ္ဘာ့စံနှုန်းနဲ့ဆိုရင်တော့ စင်ကာပူဟာ ကူးစက်ဖြစ်ပွားမှု တော်ရုံ ပြင်းထန်မှု မရှိဘဲ Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ဖြစ်ပွားတဲ့ မကြာသေးတဲ့လတွေမှာပဲ ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly