ထောင်အဓိကရုဏ်းဖြစ်ပြီးနောက် အီကွေဒေါ စစ်တပ်နဲ့ အကျဉ်းဦးစီးဌာန အကြီးအကဲတွေ နုတ်ထွက်

ထောင်အဓိကရုဏ်းဖြစ်ပြီးနောက် အီကွေဒေါ စစ်တပ်နဲ့ အကျဉ်းဦးစီးဌာန အကြီးအကဲတွေ နုတ်ထွက်
Photo - AFP

နိုဝင်ဘာ ၁၆

အီကွေဒေါနိုင်ငံမှာ လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အကျဉ်းထောင် အဓိကရုဏ်းတွေ ဖြစ်ပြီးနောက် ယင်းနိုင်ငံရဲ့ စစ်တပ်နဲ့ အကျဉ်းဦးစီးဌာန အကြီးအကဲ ဖြစ်သူတွေ တာဝန်ကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

နိုင်ငံမှာ လက်ရှိအချိန်မှာ အကျဉ်းထောင်အားလုံးကို ထိန်းချုပ်လိုနေတဲ့ မူးယစ်မှောင်ခို ရာဇဝတ်ဂိုဏ်းတွေရဲ့ "ကြီးလေးတဲ့ ခြိမ်းခြောက်မှု" နဲ့ ကြုံတွေ့နေရပြီ ဖြစ်ကြောင်း အီကွေဒေါ သမ္မတ ဂွီလာမို လက်ဆိုက နိုဝင်ဘာ ၁၅ ရက်မှာ ပြောသွားခဲ့ပါတယ်။

ဂွာယာကွေးမြို့မှာရှိတဲ့ လူပြည့်သိပ်နေခဲ့တဲ့ အကျဉ်းထောင်တစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြိုင်ဘက်အကျဉ်းသားတွေအကြား သေနတ်တွေ၊ ဓားတွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ အသေအကျေ တိုက်ခိုက်ခဲ့ကြရာမှာ လူဒါဇင်များစွာ သေဆုံးခဲ့ရပါတယ်။

ယခုအခါ အဆိုပါ အဓိကရုဏ်း ဖြစ်ခဲ့တဲ့ အကျဉ်းထောင်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းပြီး အကျဉ်းထောင်ထိန်းချုပ်ရေးဆိုင်ရာ "စစ်ဆင်ရေးလိုမျိုး အကြီးစား လုပ်ငန်း"တစ်ခုကို လုပ်ဆောင်နေကြောင်း လက်ဆိုက ပြောပါတယ်။

နိုင်ငံဟာ "ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံးသော အကျပ်အတည်းတွေအနက် တစ်ခု" နဲ့ တွေ့ကြုံထားခဲ့ရပြီး တူညီတဲ့ မူးယစ်ဆေး မာဖီးယားဂိုဏ်းတွေဟာ မိမိတို့ရဲ့ လမ်းတွေပေါ်မှာပါ မလုံမခြုံမှုတွေကို ဖြစ်အောင် လုပ်လာနိုင်တယ်လို့ သမ္မတ လက်ဆိုက သတိပေးခဲ့ပါတယ်။

အလားတူ နိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ ထပ်တလဲလဲ ဖြစ်နေတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ နောက်ထပ်မဖြစ်အောင် အဆုံးသတ်နိုင်ဖို့ ပူးပေါင်း လုပ်ဆောင်မှုတစ်ခု လုပ်ဆောင်မယ်လို့ ၎င်းက ကတိပြုသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ရိုင်ဖယ်သေနတ်တွေ ကိုင်ထားကြတဲ့ စစ်သားတွေဟာ ဂွာယက်စ် ၁ အကျဉ်းထောင်ရဲ့ လုံခြုံရေးစည်းဝိုင်းတချို့ ရှိတဲ့ ပတ်လည်အနားဧရိယာတွေထဲကို ဝင်ရောက်ခဲ့ကြတယ်လို့ ယင်းနေရာမှာ ရှိနေခဲ့တဲ့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။ ဒါပေမယ့် ညနေပိုင်းအထိ ၎င်းတို့ဟာ အကျဉ်းသားတွေ နေထိုင်တဲ့ ဝင်းတွေထဲ မဝင်နိုင်သေးဘဲ ရှိနေခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ရဲနဲ့ စစ်သား ၁,၀၀၀ လောက်ဟာ ဂွာရက်စ် ၁ အကျဉ်းထောင်ထဲ ဝင်ခဲ့ကြပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပတ်လည်တလျှောက် ဧရိယာတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ လက်ဆိုက ပြောခဲ့ပါတယ်။

ဒီ မတိုင်မီမှာပဲ အီကွေဒေါ စစ်တပ်ရဲ့ ပူးတွဲညှိနှိုင်း ကွပ်ကဲမှုဆိုင်ရာ အကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျော့ ကာဘရီရာ နဲ့ SNAI အကျဉ်းထောင် အေဂျင်စီ အကြီးအကဲ ဘိုလီဗာ ဂါဇွန် တို့ရဲ့ နုတ်ထွက်စာတွေကို လက်ခံပေးထားခဲ့ကြောင်း အီကွေဒေါသမ္မတ လက်ဆိုက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly