အိန္ဒိယနိုင်ငံ Serum Institute က ကမ္ဘာ့ကိုဗစ်ကာကွယ်ဆေး အစီအစဉ်သို့ ဒီဇင်ဘာလအထိ ဆေးလုံးရေ ၂၅ သန်း ပံ့ပိုးမည်

အိန္ဒိယနိုင်ငံ Serum Institute က ကမ္ဘာ့ကိုဗစ်ကာကွယ်ဆေး အစီအစဉ်သို့ ဒီဇင်ဘာလအထိ ဆေးလုံးရေ ၂၅ သန်း ပံ့ပိုးမည်

အိန္ဒိယနိုင်ငံ၊ ပူနေးခရိုင်အခြေစိုက် Serum Institute India (SII) က ကမ္ဘာ့နိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖြန့်ဖြူးပေးနေသည့် Covax အစီအစဉ်သို့ ဆေးလုံးရေ ၂၅ သန်းကို ဒီဇင်ဘာလအထိ ပံ့ပိုးပေးသွားရန် ရှိပြီး ဆေးများကို Gavi၊ WHO နှင့် CEPI တို့ ပူးပေါင်းဦးဆောင်သည့် အဆိုပါ အစီအစဉ်သို့ ဆေးဝါးပေးပို့မှုများကို ယခုလအတွင်း ပြန်လည်စတင်သွားမည်ဖြစ်သည်။ ပြည်ပသို့ ကိုဗစ်ကာကွယ်ဆေး အများအပြားတင်ပို့မှုများကို အိန္ဒိယအစိုးရက မတ်လအတွင်း ရပ်ဆိုင်းစေခဲ့သောကြောင့် Covax အစီအစဉ်အောက်မှ ကာကွယ်ဆေး ဖြန့်ဖြူးပေးမှုများကို ထိခိုက်စေခဲ့သည်။

“ကာကွယ်ဆေးတွေကို မကြာမီ ပို့ပေးသွားပါမယ်။ SII အနေနဲ့ ဒီဇင်ယာလအထိ ဆေးလုံးရေ ၂၅ သန်း ပို့ပေးဖို့ စီစဉ်ထားပါတယ်” ဟု အစိုးရအကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလအတွင်းက The Economic Times နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် SII ၏ အမှုဆောင်အရာရှိချုပ် အေဒါပွန်နာဝါလာက ဆေးအနည်းငယ်ကို မကြာမီပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ “အိန္ဒိယအနေနဲ့ ကာကွယ်ဆေး ပိုလျှံမှာ ဖြစ်တာကြောင့် ဇန်နဝါရီနောက်ပိုင်းကစပြီး Covax အစီအစဉ်အတွက် ကာကွယ်ဆေးတွေ ပိုပြီး ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်မှာတောင် နိုင်ငံတွင်းထိုးတာထက် ဆေးတွေ ပိုရှိနေပါတယ်။ ဒါ့ကြောင့် အခြေအနေအရမ်းကောင်းမှာပါ။ နောက်ပြီးတော့ ကာကွယ်ဆေးထုတ်လုပ်တဲ့ အိန္ဒိယက အခြားကုမ္ပဏီတွေကလည်း ဆေးတွေ အရှိန်မြှင့် ထုတ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာအနှံ့အပြား ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိနိုင်ရန် ပြီးခဲ့သည့် နှစ်အတွင်းက စတင်ထူထောင်ခဲ့သည့် Covax အစီအစဉ်သို့ ပိုမိုချမ်းသာသည့်နိုင်ငံများက ဆင်းရဲသည့် နိုင်ငံများအတွက် ကုန်ကျရိတ်များကို ထည့်ဝင်ပံ့ပိုးပေးသည်။ အဆိုပါ အစီအစဉ်အရ ဝင်ငွေနည်း သို့မဟုတ် ဝင်ငွေအသင့်အတင့်ရှိသည့် ၂၉နိုင်ငံမှ လူဦးရေ ၂၀ ရာခိုင်နှုန်းထက်မနည်းအတွက် ကာကွယ်ဆေးများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly