ကျောင်းပြင်ပသင်ကြားခြင်းဆိုင်ရာ ကြော်ငြာများအား တရုတ်ထပ်မံတားမြစ်

ကျောင်းပြင်ပသင်ကြားခြင်းဆိုင်ရာ ကြော်ငြာများအား တရုတ်ထပ်မံတားမြစ်

တရုတ်အစိုးရသည် သူငယ်တန်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများရှိ ကလေးများကို ရည်ရွယ်သည့် ကျောင်းပြင်ပပညာသင်ကြားရေးဆိုင်ရာအွန်လိုင်းနှင့်အော့ဖ်လိုင်း ကြော်ငြာများအားလုံးကို အလုံးစုံ တားမြစ်ပိတ်ပင်ရန် ညွှန်ကြားလျက် ပုဂ္ဂလိက သင်ကြားရေးအပေါ်နှိပ်ကွပ်မှုကို နှစ်ဆတိုးမြှင့်လိုက်သည်။

စျေးကွက်စည်းမျဉ်းဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ (SAMR) နှင့် ကွန်မြူနစ်ပါတီဗဟိုဝါဒဖြန့်ချိရေးဌာန အပါအဝင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၈ ဖွဲ့က ဇူလိုင်လ တားမြစ်ချက်ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နိုင်စေရန် ယခုလအစောပိုင်းက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အတိအကျဆိုရပါက “သတင်းဌာနများ၊ ဆိုရှယ်မီဒီယာများ၊ အများသူဆိုင်ရာနေရာများနှင့် လူနေအိမ်ရာများတွင် ကျောင်းချိန်ပြင်ပလေ့ကျင့်ရေးအတွက် ကြော်ငြာများ မဖြန့်ဝေရဟု ဆိုထားသည်။

ယခု လုပ်ဆောင်ချက်သည် ၁ တန်းမှ ၉ တန်းအထိ သင်ရိုးညွှန်းတမ်းအတန်းများအတွက် ကျူရှင်သင်ကြားခြင်းဖြင့် မည်သူမျှ အကျိုးအမြတ်မရရှိစေရန် တားမြစ်ထားသော ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည့် မူဝါဒကို အကောင်အထည်ဖော်ရန် အစိုးရ၏ ပိုမိုကျယ်ပြန့်သောကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ Cyberspace Administration တို့ ပူးပေါင်းထုတ်ဝေသော နိုဝင်ဘာ ၉ ရက်ကထုတ်ပြန်ထားသည့် သတိပေးချက်အရ အကနှင့် ပန်းချီဆွဲခြင်းကဲ့သို့သော အပိုသင်တန်းများပါ ပါသည့် ကြော်ငြာအား တားမြစ်ပိတ်ပင်ခြင်းကို သက်ညှာမှုမရှိဘဲ လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

တရားမဝင် ကြော်ငြာခြင်း အမှုပေါင်း ၁ ၅၇၀ ကို SAMR က ဖော်ထုတ်ခဲ့ပြီးဖြစ်ကာ စုစုပေါင်း ဒဏ်ငွေ ယွမ် ၃၀ ဒသမ ၆ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း) ကို ထုတ်ပြန်ခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ပင်မမီဒီယာများ၊ မီဒီယာအသစ်များ၊ အင်တာနက်ပလပ်ဖောင်းများနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများကို ကိုယ်တိုင်စစ်ဆေးရန် ဆင့်ခေါ်သွားမည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာတွင် အစိုးရမှလည်ပတ်နေသည့် ရထားဘူတာများ၊ မြေအောက်ရထားဘူတာများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ထိုကဲ့သို့သောကြော်ငြာများကို မဖြန့်ဝေစေရန် လုပ်ဆောင်မည်ဖြစ်သည်။

ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် မူဝါဒအရ ကုမ္ပဏီများသည် လိုင်စင်အသစ်ရယူကာ အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် လိုအပ်သည်။

သင်ကြားရေးကုမ္ပဏီတစ်ခုဖြစ်သည့် New Oriental Education & Technology Group မှ တည်ထောင်သူ ယူမင်ဟောင်က ကုမ္ပဏီသည် လေ့ကျင့်ရေးစင်တာပေါင်း ၁ ၅၀၀ နီးပါးကို ပိတ်မည်ဖြစ်ကာ ကျေးလက်အစိုးရကျောင်းများသို့ စားပွဲခုံနှင့် ကုလားထိုင် ၈၀ ၀၀၀ ခန့်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သီတင်းပတ်ကုန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly