ဆန္ဒပြပွဲအကြို ဖြိုခွင်းမှုကြောင့် ကျူးဘားကို အမေရိကန် သတိပေး 

ဆန္ဒပြပွဲအကြို ဖြိုခွင်းမှုကြောင့် ကျူးဘားကို အမေရိကန် သတိပေး 

နိုဝင်ဘာ ၁၅

ကျူးဘားနိုင်ငံမှာ စီစဉ်ထားတဲ့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲအကြိုမှာ လုံခြုံရေးတပ်တွေက ဦးဆောင် သဘောထားကွဲလွဲသူရဲ့ နေအိမ်ကို ဝိုင်းရံပိတ်ဆို့ခဲ့ပါတယ်။ 

ဒီလို ကျူးဘားရဲ့ ‘ခြိမ်းခြောက်တဲ့ နည်းဗျူဟာ’ကို အမေရိကန်က ရှုတ်ချပြီး ဆန္ဒဖော်ထုတ်မှုတွေကို တားမြစ်ထားတာကို ရုပ်သိမ်းဖို့ တိုက်တွန်းပြောဆိုပါတယ်။ 

“ကျူးဘားပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ ကျူးဘားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ခွင့်ပြုပေးပြီး အစိုးရရဲ့ လက်တုံ့ပြန်မှု အကြမ်းဖက်မှုတွေကို ကြောက်လန့်စရာ မလိုဘဲ ပြောဆိုနိုင်ခွင့်တွေကို ခွင့်ပြုရင်း ကျူးဘားပြည်သူ့ အခွင့်အရေးကို လေးစားပါ”ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

ကျူးဘား အတိုက်အခံတွေဟာ ဟာဗားနားနဲ့ ပြည်နယ် ခြောက်ခုမှာ တနင်္လာနေ့မှာ ဆန္ဒပြကြဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။ ဇူလိုင်လက သမိုင်းတွင် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ အကျဉ်းသား ၆၅၀ ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားကြပါတယ်။ 

ကျူးဘားရဲ့ ဆန္ဒပြမှုတွေကို ပိတ်ဆို့တဲ့ ‘ခြိမ်းခြောက်တဲ့ နည်းဗျူဟာတွေ’နဲ့ အတိုက်အခံ ထောက်ခံသူတွေကို ပစ်ခတ်တာနဲ့ ခြိမ်းခြောက်တာတွေကို ဘလင့်ကင်က ရှုတ်ချခဲ့ပါတယ်။ 

ဦးဆောင်အတိုက်အခံတစ်ဦးရဲ့ နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တနင်္ဂနွေနေ့မှာ ဝိုင်းရံထားပြီး ဖိအားပေးထားပါတယ်။ ပြဇာတ်ရေးသားသူတစ်ဦးလည်းဖြစ်တဲ့ ယူနီယာ ဂါစီယာက တစ်ကိုယ်တော် ဆန္ဒပြဖို့ ပြင်ဆင်စိုင်းပြင်းနေတာပဲ ဖြစ်ပါတယ်။ 

“ဒီ မနက် ကျွန်တော် နိုးလာတော့ ကျွန်တော့် အိမ်က အဝိုင်းခံထားရပြီ”လို့ အသက် ၃၉ နှစ်ရှိ ဂါစီယာက ဖေ့ဘုတ် ဗီဒီယိုကတစ်ဆင့် ပြောပါတယ်။ 

ဂါစီယာနေတဲ့ လမ်းကိုလည်း အရပ်ဝတ်နဲ့ တာဝန်ရှိသူတွေက ပိတ်ဆို့ထားတာကို အေအက်ဖ်ပီသတင်းထောက်တွေက မြင်တွေ့ခဲ့ရပါတယ်။ ဂါစီယာရဲ့ အလုပ်သမား လူတန်းစာ အိမ်နီးချင်းတွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာလည်း တာဝန်ရှိသူတွေ စောင့်ကြပ်နေပါတယ်။ အဲဒီ အိမ်တွေမှာတော့ ကျူးဘားအလံတွေ လွှင့်ထူထားကြပါတယ်။ 

နိုင်ငံပိုင် မီဒီယာမှာ ‘ရန်သူ နံပါတ် ၁’ အဖြစ် ဖော်ပြခံရတဲ့ ဂါစီယာက သူ့ကို “ဆန္ဒပြခွင့် မပေးဘူး”လို့ တာဝန်ရှိသူတွေက ပြောကြောင်းနဲ့ ‘ထောင်ချမယ်ဆိုပြီးတောင်’ ပြောတယ်လို့ ဖေ့ဘုတ်ဗီဒီယိုမှာ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly