ဘီလာရုစ်ကို အီးယူက ဆန်ရှင်ချရန် ရှိချိန် ရွှေ့ပြောင်းဝင်ရောက်သူများစွာကို ပိုလန် ဖမ်းဆီး 

ဘီလာရုစ်ကို အီးယူက ဆန်ရှင်ချရန် ရှိချိန် ရွှေ့ပြောင်းဝင်ရောက်သူများစွာကို ပိုလန် ဖမ်းဆီး 
Photo - AFP

နိုဝင်ဘာ ၁၅

ဘီလာရုစ်နိုင်ငံကို အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင် တိုးချဖို့ ရှိနေတဲ့အကြိုမှာ သတိပေးတဲ့ အခြေအနေမျိုးနဲ့ ပိုလန်နိုင်ငံဟာ ဘီလာရုစ်နိုင်ငံဖက်က ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေပြောင်းဝင်ရောက်သူ ဒါဇင်များစွာကို ဖမ်းဆီးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ပြောလာပါတယ်။ 

နယ်စပ်က စတာဇိုင်နာကျေးရွာအနီးမှာ စနေနေ့က လုံခြုံရေး ထူထပ်တဲ့ကြားကနေ ရွှေ့ပြောင်းဝင်ရောက်သူ ၅၀ ဟာ အတင်းအကျပ် ဖြတ်ကျော်လာတာဖြစ်တယ်လို့ ရဲဌာနက တွစ်တာမှာ ရေးသားပါတယ်။ 

အဲဒီ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ အားလုံးကို နောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နယ်ခြားစောင့်တပ်က ပြောပါတယ်။ “ဒီကနေ့ နယ်စပ်ဖြတ်ကျော်ဖို့ ကြီးမားတဲ့ ကြိုးပမ်းမှု”အဖြစ် သူတို့တွေဟာ သံဆူးကြိုးစည်းရိုးကို ဖြတ်သန်းဝင်ရောက်လာပုံ ရှိပါတယ်လို့ နယ်ခြားစောင့်တပ်က ဖြည့်စွက်ဆိုပါတယ်။ 

အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာဟာ အီးယူနဲ့ ဘီလာရုစ်နယ်စပ်မှာ တဲစခန်းထိုးပြီး နေထိုင်လျက် ရှိကြတာပါ။ အခု ရွှေ့ပြောင်းဝင်ရောက်သူအရေးကြောင့် အီးယူနဲ့ အမေရိကန်က တစ်ဖက်၊ ဘီလာရုစ်နဲ့ သူ့ မဟာမိတ်ရုရှတို့က တစ်ဖက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပေါ်လျက် ရှိပါတယ်။ 

ဘီလာရုစ် သမ္မတ လူကာရှန်ကိုဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို သူ့ နိုင်ငံထဲ ဝင်ရောက်စေပြီး အီးယူနိုင်ငံတွေဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်စေကာ ပြဿနာဖန်တီးနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲပြောဆိုပါတယ်။ 

ဘီလာရုစ်က စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး အနောက်အုပ်စုကို အပြစ်ပြောဆိုပါတယ်။ 

“လူကာရှန်ကို ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံသားတွေဟာ တွန့်ဆုတ်သွားလိမ့်မယ်လို့ တစ်ယောက်ယောက်က ထင်ကောင်းထင်လိမ့်မယ်၊ ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူး”လို့ ရုရှစစ်သတင်းဂျာနယ်တစ်စောင်နဲ့ အင်တာဗျူးရာမှာ လူကာရှန်ကိုက သူ့ကိုကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။ 

လက်ရှိအထိ နယ်စပ်က ရွှေ့ပြောင်းဝင်ရောက်သူ ၁၀ ဦး သေဆုံးကြောင်း အကူအညီပေးရေး အေဂျင်စီတွေက ပြောပြီး အပူချိန် ရေခဲမှတ်အောက် ကျဆင်းနေတာကြောင့် လူသားချင်းစာနာထောက်ထားရေး ဘေးဒုက္ခ ဖြစ်ပွားလာလိမ့်မယ်လို့ သတိပေးထားကြပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ကူညီဖို့ တင်းမာမှုတွေ လျှော့ချရေးကိုလည်း တိုက်တွန်းနှိုးဆော်ထားကြပါတယ်။ 

ဘီလာရုစ်ဖက်က ဘရုဇ်ဂျီကျေးရွာအနီးက အကြီးဆုံး တဲစခန်းမှာဆိုရင် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေအပါအဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀၀ လောက်ရှိနေကြောင်း ဘီလာရုစ်အာဏာပိုင်တွေက ပြောထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly