မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်တွင် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်မှ ဗိုလ်မှူးကြီး အပါအဝင် ၇ ဦး သေဆုံး

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်တွင် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်မှ ဗိုလ်မှူးကြီး အပါအဝင် ၇ ဦး သေဆုံး

နိုဝင်ဘာ ၁၄

မြန်မာနယ်စပ်အနီး တည်ရှိသည့် အိန္ဒိယ မဏိပူရ်ပြည်နယ် ချူရာချန်ပူရ်ခရိုင်တွင် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက သောင်းကျန်းသူများ၏ ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် အာသံရိုင်ဖယ်တပ်မှ ဗိုလ်မှူးကြီးတစ်ဦး၊ ၎င်း၏ ဇနီး၊ ရှစ်နှစ်အရွယ်သားဖြစ်သူနှင့် တပ်သားလေးဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ခရိုင်ဌာနချုပ် ချူရာချန်ပူရ်ကနေ ကီလိုမီတာ ၅၀ ခန့်အကွာ သင်းဟတ်တွင် မနက် ၁၁ နာရီခန့်က ဖြစ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း အခြားတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရရှိခဲ့သည်။

အမှတ် ၄၆ အာသံရိုင်ဖယ်တပ်ဖွဲ့၏ ကွပ်ကဲရေးအရာရှိ ဗိုလ်မှူးကြီး ဗီပလက်ဗ် ထရီပါသီ၏ ယာဉ်တန်းကို သောင်းကျန်းသူများက ဖောက်ခွဲရေးပစ္စည်းတစ်ခုနှင့် ကနဦး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယင်းနောက် အရမ်းကာရော ပစ်ခတ်ခဲ့သည့်အတွက် ယင်းနေရာမှာပင် ခုနစ်ဦး သေဆုံးခဲ့သည်။ အာသံရိုင်ဖယ်တပ်၏ ဗိုလ်မှူးကြီးသည် ၎င်း၏ ဇနီး၊ သား ဖြစ်သူတို့နှင့်အတူ ရှေ့တန်းစခန်းတစ်ခုကနေ ပြန်လာခဲ့ချိန် လမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ချူရာချန်ပူရ်၌ တာဝန်မကျခင် မီဇိုရမ်ပြည်နယ်တွင် တာဝန်ထမ်းခဲ့သူဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့များကို ဦးစီးပြီး မူးယစ်မှောင်ခိုကူးသူများအပေါ် အောင်မြင်သည့် နှိမ်နင်းမှု စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။

ယခုတိုက်ခိုက်မှုတွင် မဏိပူရ်၌ တားမြစ်ပိတ်ပင်ခံ သောင်းကျန်းသူ သူပုန်အဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ပါဝင်ပတ်သက်နေမည်ဟု အိန္ဒိယလုံခြုံရေးတာဝန်ရှိသူများက သံသယရှိခဲ့ကြသည်။ သို့သော် PLA နှင့် အခြား သူပုန်အဖွဲ့တစ်ခုဖြစ်သည့် မဏိပူရ် နာဂပြည်သူ့တပ်ဦး အဖွဲ့တို့က ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ ဗိုလ်မှူးကြီးနှင့်အတူ ၎င်း၏ မိသားစုလည်း အတူတူ လိုက်ပါပြီး ခရီးသွားလာခဲ့လိမ့်မည်ဟု မထင်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ပြောထားခဲ့သည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ် ဆင်းန်တို့က အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required