ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်၊ ကျေးရွာသား ၅ ဦး မတရားဖမ်းဆီးခံရ

ဝေါမြို့နယ်၊ ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်၊ ကျေးရွာသား ၅ ဦး မတရားဖမ်းဆီးခံရ

နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ဝေါ မြို့နယ်၊ ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီ မိနစ် ၃၀ တွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ကျေးရွာသား ငါးဦးကို အတင်းအဓမ္မ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဂွေ့ကြီးကျေးရွာက အုပ်ချုပ်ရေးမှူးရုံး အနီး ဗုံးပေါက်ကွဲတာပါ။ လူထိခိုက်မှုတော့ မကြားမိသေးဘူး။ အသံ အကျယ်ကြီးပဲ ကြားရတယ်။ ကျေးရွာက လူတွေ လန့်သွားကြတယ်။ ဗုံးကွဲတဲ့ အနီးအနား အိမ်တွေကို စစ်တပ်က ဝင်မွှေတယ်” ဟု ရွာခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ငါးဦးကို မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရှိ ရသေးပေ။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ခဲ့ပြီး NLD ပါတီဝင်များ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ယခု ဗုံးဖောက်ခွဲမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဝေါ -PDF အဖွဲ့က ထုတ်ပြန်သည်။

ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ အလိုကျ ပြည်သူကို ဖိအားပေးခြင်း၊ ဒလန်များ မွေးမြူ၍ စစ်တပ်သတင်းပေး လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly