အီကွေဒေါ အကျဉ်းထောင်တွင်း အဓိကရုဏ်းကြောင့် လူ ၆၈ ဦး သေဆုံး

အီကွေဒေါ အကျဉ်းထောင်တွင်း အဓိကရုဏ်းကြောင့် လူ ၆၈ ဦး သေဆုံး

နိုဝင်ဘာ ၁၄

အီကွေဒေါနိုင်ငံမှာ အကျဉ်းထောင်တစ်ခုအတွင်း ပြိုင်ဘက်လူဆိုးဂိုဏ်းအချင်းချင်း သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဓားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြတဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး လူ ၆၈ ဦး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ ပြီးခဲ့သည့် စက်တင်ဘာလက လူ ၁၁၉ ဦးအထိ သေဆုံးခဲ့တဲ့ အဆိုးဝါးဆုံး အဓိကရုဏ်းဖြစ်စဉ်တစ်ခု ဖြစ်ထားခဲ့တဲ့ တူညီတဲ့ အကျဉ်းထောင်မှာပဲ ယခုတကြိမ် နောက်ထပ် အဓိကရုဏ်းသစ်တစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

ဂွာယာကွေးမြို့ရှိ အဓိကရုဏ်းဖြစ်ပွားတဲ့ အကျဉ်းထောင်ကို လက်ရှိမှာ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အီကွေဒေါ အစိုးရက ပြောပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတဲ့ ပြိုင်ဘက်ဂိုဏ်းတွေရဲ့ ဂိုဏ်းအဖွဲ့ဝင် အကျဉ်းသားတွေအကြား အပြန်အလှန် တိုက်ခိုက်မှု ထပ်မံ ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သမ္မတ ဂွီလာမို လက်ဆိုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကနဦး အဓိကရုဏ်းမှာ ထောင်သားတွေဟာ ရက်စက်ကြမ်းကြုတ်စွာနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း အကျဉ်းထောင်တည်ရှိတဲ့ ဂွာယက်စ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ပက်ဘလို အေရိုဆီမန်နာက ပြောပါတယ်။

ယင်း အဓိကရုဏ်း ဖြစ်စဉ်မှာတော့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီဝန်းကျင်လောက်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကျဉ်းသားတွေဟာ ၎င်းတို့ရဲ့ ပြိုင်ဘက်တွေ ရှိနေခဲ့တဲ့ ထောင်တွင်း အဆောက်အအုံအကွက်တစ်ခုထဲ ဝင်ဖို့ ကြိုးစားခဲ့ကြရာကနေ စတင်ဖြစ်ပွားခဲ့ပြီး ပြိုင်ဘက်ထောင်သားအချင်းချင်းအကြား သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့ကြရာမှာ ရဲတွေက ဝင်ရောက်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြရပါတယ်။

ယင်း သွေးထွက်သံယို ထောင်တွင်း တိုက်ပွဲမှာ အကျဉ်းသား ၆၈ ဦး သေဆုံးခဲ့ပြီး အခြား ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အီကွေဒေါ အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်မှာ တီဂွာရိုနက်စ် ဆိုတဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ပြစ်ဒဏ်ကာလစေ့လို့ ထောင်ကနေ ပြန်လွတ်သွားခဲ့ချိန်မှာ ဒီ အကြမ်းဖက်မှု စတင်ဖြစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခေါင်းဆောင်ဖြစ်သူ မရှိတော့လို့ တီဂွာရိုနက်စ် ဂိုဏ်း အားနည်းသွားပြီလို့ သဘောထားပြီး အခြားအဖွဲ့တွေက အဆိုပါ ဂိုဏ်းကို ချေမှုန်းဖို့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အေရိုဆီမန်နာက ပြောပါတယ်။

"သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လူအစုအပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို လုပ်ဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အကျဉ်းသားတွေနဲ့အကြား ဆက်သွယ်ချိတ်ဆက်နိုင်အောင် ကြိုးစားကြဖို့နဲ့  သွေးထွက်သံယိုမှုတွေ ထပ်မဖြစ်စေဘဲ အဆုံးသတ်စေရေး တိုက်တွန်းကြဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို သမ္မတ လက်ဆိုက ပန်ကြားထားပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာတော့ အကျဉ်းထောင်အပြင်ဘက်မှာ လူ ဒါဇင်များစွာ စုဝေးရောက်ရှိနေခဲ့ကြပြီး ထောင်ထဲမှာ ရှိနေတဲ့ ၎င်းတို့ရဲ့ ချစ်ခင်ရသူတွေရဲ့ ကံကြမ္မာကို သိရဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြရင်းနဲ့ တချို့က မူးမေ့လဲကျတာ ဒါမှမဟုတ် မျက်ရည်ကျတာတွေ ရှိနေခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly