NUCC ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ လ ၁၆ ရက်တွင် ပြုလုပ်မည်

NUCC ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ လ ၁၆ ရက်တွင် ပြုလုပ်မည်

နိုဝင်ဘာ ၁၃

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အရေးပါသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council- NUCC) ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို လာမည့်နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း NUCC ထံမှ သိရသည်။

ထိုရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ အချိန်ထိ ကျင်းပပြုလုပ်ရန် NUCC က စီစဉ်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအပါအဝင် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များက စုပေါင်းခေါင်းဆောင်မှုကို ဖော်ဆောင်နေသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အရေးကြီးသော လုပ်ငန်းစဉ်များကို အဆိုပါသတင်းစာရှင်းလင်းပွဲကတဆင့် အသိပေးတင်ပြမည်ဟု သိရသည်။

NUCC ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများဖြစ်သော ဦးမင်းကိုနိုင်၊ ဦးအောင်ဆန်းမြင့်၊ ပဒိုစောတောနီး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒေါက်တာတေဇာဆန်း၊ ဦးလွင်ကိုလတ်၊ ဦးနန္ဒာစစ်အောင်၊ ဦးခန့်ဝေဖြိုးနှင့် လွေးပိုးငယ်တို့က ဦးဆောင်ရှင်းလင်းသွားမည်ဖြစ်သည်။

NUCC ကို ဖွဲ့စည်းပြီး ခြောက်လကျော်ကြာလာသည် အထိ ၎င်း၏လုပ်ငန်းစဉ် အဆင့်များ၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများနှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ NUCC ထပ်တိုး ဖွဲ့စည်းမှုများ၊ တော်လှန်ရေးအတွက် တိုင်ပင် လုပ်ဆောင်နေမှုများကို မသိရသေးသည့်အတွက် NUCC အကြောင်း အများပြည်သူကို အမြန်ဆုံး အသိပေး တင်ပြပေးရန် အရပ်ဘက် လူထုအင်အားစုများအဖွဲ့ (MM Spring) က ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က တောင်းဆိုခဲ့သည်။

NUCC ၏ ပထဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအား ယခင်က အောက်တိုဘာလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့၏ ဆောင်ရွက်မှုများ အချိန်မီမပြီးစီး၍ သတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို NUCC အတွင်း ဆွေးနွေးညှိနှိုင်းကာ CRPH ၏ အတည်ပြုမှုဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required