ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းရွာရှိ Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းရွာရှိ Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၆ နာရီကျော်တွင် မိုင်းခွဲ ဖျက်ဆီးခဲ့သည်ဟု ပုသိမ်ခရိုင် မြို့ပြပြောက်ကျား တပ်ဖွဲ့ (PSTF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

" ရွာသစ်ကုန်းရွာနားက မိုင်တဲတာဝါတိုင်ကို မနက်ပိုင်းဆိုရင် လာလာပြီး စစ်ဆေးတာတွေ၊ ကင်းစောင့်တာတွေ လုပ်တဲ့ စစ်သားတွေရှိတယ်။ ဒီကောင်တွေ လာစစ်တဲ့ အချိန်ကို စောင့်ပြီး ဖောက်ခွဲခဲ့တာပါ။ စစ်သား တစ်ယောက်တော့ မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားတယ်။ စစ်ဆေးရုံမှာ သေတယ်လို့လည်း သတင်းကြားရတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုတွင် တာဝါတိုင်အောက်ခြေရှိ စက်များနှင့် ဝါယာကြိုးများအားလုံး ပျက်စီးသွားသည်ဟုလည်း ၎င်းက ဆိုသည်။

မိုင်းပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်အကြာတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ရဲများက ရွာသစ်ကုန်း ကျေးရွာအနီးတစ်၀ိုက် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသွားသော စစ်ကောင်စီတပ်သားကို ပုသိမ်ရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required