နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရုံးစာရေးဖြစ်သူ ဦးကျော်စိုးနှင့် ၄င်း၏ဇနီး ကျောင်းဆရာမ ဒေါ်သပြေကို နိုဝင်ဘာလ ၁၀ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု သိရသည်။
နိုဝင်ဘာလ ၁၀ရက်နေ့ ညပိုင်းတွင် ၄င်းတို့နေထိုင်ရာ ရိပ်သာရပ်ကွက်၊ မေဃဝတီ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ဦးကျော်စိုးသည် လှည်းကူးမြို့နယ်ပညာရေးမှူးရုံးတွင် ကွန်ပြူတာမှူး ရုံးစာရေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၄င်း၏အမျိုးသမီးသည် ရဲမွန်တပ်မြို့၊ ခမရ (၂၁၄)၏ ကျောင်းအုပ်ဖြစ်သည်ဟု ၄င်းတို့နှင့် နီးစပ်သူများက ဆိုသည်။
မည်သည့်အတွက်ကြောင့် ၄င်းတို့ဖမ်းဆီးခြင်းခံရသည်ကိုလည်းသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယနေ့အထိ အဆက်သွယ်မရရှိသေးကြောင်း နီးစပ်သူများက ပြောသည်။
ထို့အတူ ပြည်တော်သာရပ်ကွက်၊ ရေစင် ၄လမ်းတွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိသော ဆိုင်ကယ်ပြင်ဆရာ ဦးဟန်စိုးကို နိုဝင်ဘာလ ၁၀ရက်နေ့ညပိုင်းက ၎င်း၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။
" သူက သာမန်ဆိူင်ကယ်ပြင်တဲ့လူပဲ၊ မီးစက်တို့ဘာတိူ့လည်းပြင်ပေးတယ်။ မြို့နယ်က ပရဟိတအသင်းတစ်ခုမှာလည်း သူအားတက်သရောလုပ်တဲ့လူ၊ တစ်နေ့ကတင် နာရေးတစ်ခုမှာ သူနဲ့စကားပြောခဲ့သေးတာ ၊ အခုသူ့ကိုရိုက်နှက်ထားတယ်ပြောတယ်၊ သေတော့မသေချာဘူး " ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ဦးဟန်စိုးကို လှည်းကူး EPC ရုံးဗုံးကွဲသည့်ဖြစ်စဉ်တွင် ပါဝင်သူသည်ဟု ဆိုကာ ဖမ်းဆီးသည်ဟု သိရပြီး
သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။