ပညာရေးမှူးရုံးက Non CDM ရုံးစာရေးနှင့်ဇနီးဖြစ်သူဆရာမကို စစ်ကောင်စီဖမ်းထား၊၃ရက်ကြာသည်အထိ အဆက်သွယ်ပြတ်နေ

ပညာရေးမှူးရုံးက Non CDM ရုံးစာရေးနှင့်ဇနီးဖြစ်သူဆရာမကို စစ်ကောင်စီဖမ်းထား၊၃ရက်ကြာသည်အထိ အဆက်သွယ်ပြတ်နေ

နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရုံးစာရေးဖြစ်သူ ဦးကျော်စိုးနှင့် ၄င်း၏ဇနီး ကျောင်းဆရာမ ဒေါ်သပြေကို နိုဝင်ဘာလ ၁၀ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၀ရက်နေ့ ညပိုင်းတွင် ၄င်းတို့နေထိုင်ရာ ရိပ်သာရပ်ကွက်၊ မေဃဝတီ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဦးကျော်စိုးသည် လှည်းကူးမြို့နယ်ပညာရေးမှူးရုံးတွင် ကွန်ပြူတာမှူး ရုံးစာရေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၄င်း၏အမျိုးသမီးသည် ရဲမွန်တပ်မြို့၊ ခမရ (၂၁၄)၏ ကျောင်းအုပ်ဖြစ်သည်ဟု ၄င်းတို့နှင့် နီးစပ်သူများက ဆိုသည်။

မည်သည့်အတွက်ကြောင့် ၄င်းတို့ဖမ်းဆီးခြင်းခံရသည်ကိုလည်းသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယနေ့အထိ အဆက်သွယ်မရရှိသေးကြောင်း နီးစပ်သူများက ပြောသည်။

ထို့အတူ ပြည်တော်သာရပ်ကွက်၊ ရေစင် ၄လမ်းတွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိသော ဆိုင်ကယ်ပြင်ဆရာ ဦးဟန်စိုးကို နိုဝင်ဘာလ ၁၀ရက်နေ့ညပိုင်းက ၎င်း၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

" သူက သာမန်ဆိူင်ကယ်ပြင်တဲ့လူပဲ၊ မီးစက်တို့ဘာတိူ့လည်းပြင်ပေးတယ်။ မြို့နယ်က ပရဟိတအသင်းတစ်ခုမှာလည်း သူအားတက်သရောလုပ်​တဲ့လူ၊ တစ်နေ့ကတင် နာရေးတစ်ခုမှာ သူနဲ့စကားပြောခဲ့သေးတာ ၊ အခုသူ့ကိုရိုက်နှက်ထားတယ်ပြောတယ်၊ သေတော့မသေချာဘူး " ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဦးဟန်စိုးကို လှည်းကူး EPC ရုံးဗုံးကွဲသည့်ဖြစ်စဉ်တွင် ပါဝင်သူသည်ဟု ဆိုကာ ဖမ်းဆီးသည်ဟု သိရပြီး

သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required