ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်၍ ပြည်သူ ၁ဦးသေ၊ ကလေးငယ် ၁ ဦး ကျည်ထိဒဏ်ရာရ

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်၍ ပြည်သူ ၁ဦးသေ၊ ကလေးငယ် ၁ ဦး ကျည်ထိဒဏ်ရာရ

နိုဝင်ဘာ ၁၃

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ပြည်သူတစ်ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ပေါင်တွင် ကျည်ဆန်ထိမှန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသူမှာ မကျီးကန်ရွာ အနောက်ဘက်ရှိ ကျိုက်ထော် ကားလမ်းမပေါ်၌ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းတွင် အပစ်ခံခဲ့ရခြင်း ဖြစ်သည်။

“ဒေသ ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားတွေ လိုက်ပါ စီးနင်းပြီး ကင်းလှည့်လာတဲ့ အိမ်စီးကား နှစ်စီးကို ပစ်ခတ်တယ်။ အဲဒီလို ပစ်ခတ်ခံရတော့ ကားပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှည့်ပြီး ပြန်ပစ်တာ။ အဲဒီမှာ နောက်ကနေ မောင်းလာတဲ့ ဘုန်းကြီးကားတစ်စီးရဲ့ ယာဉ်းမောင်း အမျိုးသားကို ကျည်ထိမှန်သွားတယ်။ ကျိုက်ထော်ဆေးရုံပို့တာ လမ်းမှာတင် ဆုံးသွားတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါနေ့ ညနေပိုင်းတွင်လည်း မကျီးကန်ရွာ အနောက်တောကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း ရှာဖွေပြီး ရမ်းသန်းပစ်ခတ်ခဲ့ရာ ရွာနောက်ဖေးတန်းတွင် ရှိသည့် အိမ်တစ်အိမ်မှ အသက် ၁၃ နှစ် အရွယ် ကလေးတစ်ဦး ပေါင်တွင် ကျည်ဆန် ထိမှန်ကာ လက်ရွိ ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့ကလည်း ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ မကျီးကန်ရွာ အနောက်ဘက်ရှိ ကျိုက်ထော်ကားလမ်းမပေါ် တွင် စစ်ကောင်စီ ကင်းလှည့်ယာဥ် နှစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရ ရရှိကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် “ပျံလွှားအောင်” စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်တိုင်း အတွင်း၌ စစ်ကောင်စီ တပ်သားများကို ချေမှုန်းတိုက်ခိုက်လျက် ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်ကလည်း ကွမ်းခြံကုန်း မြို့နယ်တွင် စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးခန့် သေဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly