ရွှေပြည်သာမြို့နယ်တွင် 'ဒီမိုကရေစီ ပညာရေး' အကြောင်း အသိပညာပေး လှုပ်ရှားမှု ပြုလုပ်

ရွှေပြည်သာမြို့နယ်တွင် 'ဒီမိုကရေစီ ပညာရေး' အကြောင်း အသိပညာပေး လှုပ်ရှားမှု ပြုလုပ်

နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် 'ဒီမိုကရေစီပညာရေး' အကြောင်း အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ် ကျောင်းသားများသမဂ္ဂ၊ အထက(၁)ရွှေပြည်သာကျောင်းသားများသမဂ္ဂ၊ အထက(၃)ရွှေပြည်သာကျောင်းသားများသမဂ္ဂ စသည့် ဗကသများအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂများ စုပေါင်းပြီး အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ခေတ်အဆက်ဆက် ပညာရေးနိမ့်ကျမှုရဲ့ အဓိကတရားခံက စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ပဲဗျ။ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားတော့ ပညာရေးဟာ အဖက်ဖက်က နိမ့်ကျနေတယ်။ တွေးခေါ်နိုင်စွမ်းမရှိဘူး။ အဲတာတွေက စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်က စစ်ကျွန်ပညာရေး ဆိုးကျိုးတွေပဲဗျ။ အာဏာရှင်တွေက ပညာရေးကို တမင်နိမ့်ကျအောင် လုပ်ထားတာဟာ သူတို့ကိုတော်လှန်မယ့်လူတွေနည်းအောင်၊ အတွေးအခေါ်တွေ နိမ့်ကျတော့ ပြည်သူတွေက အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို မမြင်နိုင်တာမျိူးရှိ ခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်ကျွန်ပညာရေးဆိုတာ ဘာလဲ သိအောင်ပြောရမှာဖြစ်သလို ဒီမိုကရေစီပညာရေးဆိုတာကိုလည်း အများပြည်သူတွေသိအောင် အခုလို လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာပါ” ဟု ရွှေပြည်သာမြို့နယ် ကျောင်းသားသမဂ္ဂဥက္ကဌက ပြောသည်။

လှုပ်ရှားမှုအဖြစ် “အမျိုးသား ဆန်ရမည်” “လူထုလက္ခဏာဆောင်ရမည်” “သိပ္ပံနည်းကျရမည်” စသည့် အချက်သုံးချက်ဖြင့် “ဒီမိုကရေစီပညာရေး” ဆောင်းပါးအကြောင်း ရေးသားထားသည့် စာရွက်ကို ရွှေပြည်သာမြို့နယ်အတွင်း ဖြန့်ဝေခြင်း၊ YBS များပေါ်တွင် စာရွက်များ ကပ်ခြင်းဖြင့် အသိပညာပေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly