ဘီလာရုစ် ရွှေ့ပြောင်းသူများအရေးမှာ တင်းမာမှု မြင့်တက်နေဆဲ ဖြစ် 

ဘီလာရုစ် ရွှေ့ပြောင်းသူများအရေးမှာ တင်းမာမှု မြင့်တက်နေဆဲ ဖြစ် 

နိုဝင်ဘာ ၁၃

ဘီလာရုစ်နဲ့ ပိုလန်နယ်စပ်က ရွှေ့ပြောင်းဝင်ရောက်သူများ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှုတွေ ရှိတယ်လို့ အီးယူက သောကြာနေ့မှာ ပြောပေမယ့် နယ်စပ် လူမဲ့ဇုန်မှာ သောင်တင်ပိတ်မိနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ရာပေါင်းများစွာ ရှိနေတာနဲ့အတူ တင်းမာမှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ 

အဲဒီ နယ်စပ်ဧရိယာဆီ ပိုလန်နိုင်ငံက တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်လိုက်တဲ့နောက်မှာ ဘီလာရုစ်နိုင်ငံက “ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်”လို့ သောကြာနေ့မှာ ပြောလာပါတယ်။ 

ဒါအပြင် နယ်စပ်မှာ ရုရှ လေထီးစစ်သည်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို လက်တုံ့ပြန်ပြီး ဘီလာရုစ်က သဘောထားတင်းမာတဲ့ သမ္မတ လူကာရှန်ကိုဟာ နယ်စပ်ကို ဖြတ်သန်းပို့ဆောင်ဖို့ အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာကို သူ့ နိုင်ငံထဲ ဖျားယောင်းခေါ်ဆောင်နေတယ်လို့ အနောက်အုပ်စုက စွပ်စွဲထားတာ ဖြစ်ပါတယ်။ 

အပူချိန် ရေခဲမှတ်နီးပါး ရာသီဥတုအောက် နယ်စပ်မှာ အရှေ့အလယ်ပိုင်းက ကာ့ဒ်မျိုးနွယ်စုတွေ အဓိကဖြစ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀၀ နီးပါး ပိတ်မိသောင်တင်လျက် ရှိနေပါတယ်။ ဒီ အကျပ်အတည်းက အတော်လေး စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ ပြောပါတယ်။ 

လူကာရှန်ကိုဟာ “အတော်လေးကို ပြဿနာများတဲ့ လုပ်ရပ်ကို လုပ်ဆောင်နေတယ်”လို့ အမေရိကန် ဒုတိယသမ္မတ ကမ်မာလာ ဟာရစ်က ပြောပြီး ကမ္ဘာက မျက်လုံးဒေါက်ထောက် ကြည့်နေသလို ခေါင်းဆောင်တွေကလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ သတိပေးပါတယ်။ 

ရွှေ့ပြောင်းဝင်ရောက်သူတွေ စီးဝင်မှု ရပ်တန့်အောင်အတွက် တူရကီနိုင်ငံက အီရတ်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံသူ နိုင်ငံသားတွေကို တူရကီကနေ ဘီလာရုစ်ဆီ လေယာဉ်စီးနင်းခွင့် ပြုမှာမဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။ 

အီရတ်ကလည်း နယ်စပ်မှာ ပိတ်ဆို့ထားရမယ့် သူ့ နိုင်ငံသား စာရင်းကို ရေးဆွဲထားသလို နိုင်ငံရင်းပြန်ပို့မယ် ခရီးစဉ်တွေကိုလည်း အဆင်သင့် ပြင်ထားတဲ့အပြင် ဘီလာရုစ်နဲ့ သံတမန်ရေး မစ်ရှင်ကိုပါ ပိတ်ထားပါတယ်။ 

“မျက်နှာစာ အားလုံးမှာ ကျွန်တော်တို့အနေနဲ့ တိုးတက်မှု ရှိအောင် ဖော်ဆောင်ထားပါတယ်”လို့ လက်ဘနွန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မာဂါရစ်တစ် ရှင်နက်စ်က ပြောပါတယ်။ သူ့အနေနဲ့ အီရတ်နဲ့ တူရကီဆီ မကြာခင်မှာ သွားရောက်မှာဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly