ဖမ်းဆီးခံသတင်းသမားအားလုံး ပြန်လွှတ်ပေးရန် ကုလ တိုက်တွန်း

ဖမ်းဆီးခံသတင်းသမားအားလုံး ပြန်လွှတ်ပေးရန် ကုလ တိုက်တွန်း

နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာအပါအဝင် မြန်မာစစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်း ပြန်လွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းလိုက်သည်။

“သူတို့ရဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်တပ်အာဏာပိုင်တွေကို ကျွန်မ တိုက်တွန်းပါတယ်”ဟု ထုတ်ပြန်ချက်တစ်ရပ်၌ Michelle Bachelet က ပြောသည်။

အမေရိကန်နိုင်ငံသား Frontier Myanmar သတင်းဌာန၏ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ၁၇/၁ ၊ လ.ဝ.က ဥပဒေ သုံးခုဖြင့် နိုဝင်ဘာ ၁၃ရက်တွင်  ထောင် ၁၁ နှစ် ချလိုက်ခြင်းဖြစ်သည်။

ဖန်စတာသည် မေလအတွင်းက ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယခု တရားရုံး စီရင်ချက်သည် ‘ပြင်းထန်လွန်းသော ပြစ်ဒဏ်’ ဟု ကုလသမဂ္ဂ လူ့အခွင့်ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပြီး “နိုင်ငံကို တံခါးပိတ်ပြီး မမျှတသော တရားစီရင်မှုသည် မြန်မာနိုင်ငံက သတင်းသမားများအတွက် ကျယ်ပြန့်သော ဘေးဒုက္ခကို ဆောင်ကြဉ်းနေကြောင်း” ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

စစ်တပ်သည် ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်ချိန်မှစကာ သတင်းမီဒီယာအပေါ် ဖိနှိမ်လျက်ရှိပြီး သဘောထားကွဲလွဲသူများအား ဖြိုခွင်းရာ၌ သတင်းသမား ဒါဇင်များစွာကို ဖမ်းဆီးလျက် ရှိသည်။ ဖြိခွင်းမှုများအတွင်း ပြည်သူ ၁၂၀၀ ကျော်ထက်မနည်း သတ်ဖြတ်ခံရကြောင်း ပြည်တွင်း စောင့်ကြည့်ရေးအဖဲ့တစ်ရပ်က ပြောသည်။

“မြန်မာနိုင်ငံ အနှံ့ ပြစ်မှုကျူးလွန်နေတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတင်ပြဖို့ ကြိုးစားမှုတွေအပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေကိုပါ စစ်တပ်က ဖိနှိပ်ဖြိုခွဲဖို့ ကြိုးစားနေတာက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်”ဟု ထုတ်ပြန်ချက်၌ Bachelet က ဆိုသည်။

“မြန်မာနိုင်ငံဟာ အတိတ်တုန်းကလို သတင်းကို ထိန်းချုပ်တာ၊ ဆင်ဆာဖြတ်တောက်တာနဲ့ ဝါဒဖြန့်တာတွေဆီ လျင်လျင်မြန်မြန်ပဲ အခင်းအကျင်း ပြောင်းလဲနေတယ်”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required