ငဝန်မြစ်ဖြတ်တူးမြောင်း တူးဖော်မှုကြောင့် နစ်နာမှုများအတွက် ဒေသခံများ လျော်ကြေးရယူလို

ငဝန်မြစ်ဖြတ်တူးမြောင်း တူးဖော်မှုကြောင့် နစ်နာမှုများအတွက် ဒေသခံများ လျော်ကြေးရယူလို

လေးမျက်နှာ၊ ဒီဇင်ဘာ ၂၇။ ။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ခြောက်ဆယ်အုပ်စု သောင်ဘုတ်ကျေးရွာတွင် ငဝန်မြစ်ဖြတ် ရေလွှဲတူးမြောင်း တူးဖော်မှုကြောင့် တူးမြောင်းကမ်းပါးပြိုကျပြီး လယ်မြေဧက ၆၀ကျော်နှင့် မူလတန်းလွန်ကျောင်း ဘုန်းကြီးကျောင်းဆောင်များ ဓမ္မာရုံများ အပြင် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံများ အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း သိရသည်။

"ရွှေဘိုစု ရေကာတာကို ငဝန်မြစ်ရေထိုးတာကို ရှောင်ဖို့အတွက် ငဝန်မြစ်ဖြတ်တူးမြောင်းကို ဖောက်ခဲ့တယ်။ အခုက မြစ်ဖြစ်သွားတဲ့အတွက် ကမ်းပြိုလို့ မြင်တဲ့အတိုင်း ကျနော်အပါအဝင် ရွာသူရွာသားတွေ နေစရာ စားစရာ အခက်အခဲဖြစ်နေပါတယ်။ ကျနော်အိမ်တင် ကမ်းပြိုလို့ နောက်ကို ရွှေ့ရတာ ၃ ကြိမ် ရှိပါပြီ။ ကျနော်ကိုယ်တိုင်တောင် ကပ်ပါးဘဝရောက်နေရတာပါ" ဟု ခြောက်ဆယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေက မဇ္ဈိမကို ပြောသည်။ 

၎င်းက ဆက်လက်၍ "အခုလက်ရှိ ဖျက်လိုက်ရတဲ့ အိမ် ၂၈ လုံးရှိပါပြီ။ နောက်ထပ် အိမ် ၂၄လုံးက မြေအက်ရာတွေ ပေါ်လာတဲ့အတွက် အန္တရာယ်ရှိနေပါပြီ။ ဟိုဘက် ၇ မြို့နယ်ကို ရေဘေးအန္တရာယ်က ကာကွယ်ပေးဖို့ ဒီဘက်က အနစ်နာခံပေးလိုက်ရတဲ့အတွက် နိုင်ငံတော် အနေနဲ့ နစ်နာသွားတဲ့ တောင်သူတွေ ရွာသူရွာသားတွေကို ပံ့ပိုးပေးစေချင်ပါတယ်" ဟု ပြောကြားသည်။

မြစ်ဖြတ်တူးမြောင်းကြောင့် ပျက်စီးသွားသော လူနေအိမ်များ လယ်မြေများ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးနစ်နာကြေးများ ရယူလိုပါကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး နှင့် နိုင်ငံတော်သမ္မတအဆင့်အထိ အဆင့်ဆင့် အသနားခံစာ တင်ပြထားသော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ 

"ရွှေဘိုစု တာတမံကျိုးပေါက်ရင် မြို့နယ် ၇ ခုလောက် ဒုက္ခရောက်နိုင်တဲ့အတွက် ဒီရွာနားကနေ မြစ်ဖြတ်မြောင်းတူးခဲ့တယ် အများနဲ့ အနည်း ဖြစ်တဲ့အတွက် တို့ရဲ့အနည်းဘက်က အနစ်နာခံခဲ့တယ်။ အခုဆို တောင်သူတွေက လယ်မြေတွေ ဆုံးရှုံးရတဲ့အတွက် ကပ်ပါးဘဝနဲ့ အလုပ်လက်မဲ့ ဖြစ်နေရပြီ။ ဒီအတွက် လျော်ကြေးလေး လိုချင်တာပေါ့။ ကမ်းပါးပြိုတာ အခုဆို ဧက ၆၀ကျော်ပြီ အိမ်တွေကလည်း ထပ်ပြိုပြီ။ ၂၀၁၂ ဥပဒေအရ အားလုံးလျော်ကြေးရနေကြပြီ။ တို့လည်း လိုချင်တာပေါ့" ဟု တောင်သူတစ်ဦးဖြစ်သူ ကိုဆန်းမြင့်က မဇ္ဈိမကို ပြောသည်။

အထက်ပါ တူးမြောင်းကမ်းပါး ပြိုကျမှုကြောင့် မူလတန်းလွန်ကျောင်း ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ သာသနိက အဆောက်အဦးများ လူနေအိမ်များနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ကာ တောင်သူများ အလုပ်လက်မဲ့ဖြစ်နေရပြီး သက်ဆိုင်ရာမှ ထိုက်သင့်သည့် နစ်နာကြေး လျော်ကြေးရရှိရန် လိုလားနေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly