မောင်တောမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ ထပ်မံ တိုက်ပွဲဖြစ်ပွါး

မောင်တောမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ ထပ်မံ တိုက်ပွဲဖြစ်ပွါး

နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း၊ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်အချိန်က နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မောင်တော-ခမောင်းဆိပ်ကားလမ်း မိုင်တိုင်အမှတ် (၄၁) နှင့် (၄၂) ကြားရှိ ဝေလာတောင်တန်းပေါ်တွင် လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ မိနစ် ၂၀ ဝန်းကျင်လောက် ဖြစ်ကြတာပါ။ လက်နက်ကြီးသံတွေတော့ မကြားရပါ။ လက်နက်ငယ်အသံတွေပဲ ကြားရပါတယ်” ဟု ခွဆုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုပစ်ခတ်သံများကို ရှစ်မိုင်ဝန်းကျင် အကွာအဝေးတွင် တည်ရှိသော ခွဆုံကျေးရွာအထိ ကြားရသည်ဟု ထိုခွဆုံကျေးရွာ ဒေသခံက ပြောသည်။

လက်ရှိအချိန်တွင် မည်သည့်ပစ်ခတ်သံကိုမျှမကြားရတော့ဘဲ ငြိမ်သက်နေသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိဖြစ်ခဲ့သော ထိတွေ့တိုက်ပွဲများအပေါ် နှစ်ဖက်တပ်များအကြား ညှိနှိုင်းမှု အဆင်မပြေပါက ယခင်ထက် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ရခိုင်နိုင်ငံရေး လေ့လာသူ ဦးဖေသန်းက သုံးသပ်သည်။

“အခုလို အချိန်ပိုင်း၊ မိနစ်ပိုင်းဖြစ်တာတွေကတော့ အဲလောက်ထိ စိုးရိမ်စရာ မရှိသေးဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီး ညှိနှိုင်းလို့မရ၊ နားလည်မှုနဲ့ တည်ဆောက်လို့ မရရင်တော့ အရင်ကထက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒေသခံတွေကတော့ အဓိက ဒုက္ခရောက်မှာပေါ့” ဟု ဦးဖေသန်းက သုံးသပ်သည်။

ယနေ့နံနက်ပိုင်းက ဝေလာတောင်ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ငါးမိုင်ဝန်းကျင်ခန့် အကွာတွင် ငါးရံ့ချောင်းကျေးရွာတည်ရှိပြီး ထိုကျေးရွာက ဒေသခံများသည် ၂၀၁၇ ခုနှစ် မောင်တောဖြစ်စဉ် ( အာဆာ -Arakan Rohingya Salvation Army နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ) နှင့် ဆက်စပ်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သောကြောင့် ယင်းကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၉ ရက် မွန်းလွဲပိုင်းကလည်း မောင်တောမြို့နယ် ရေနောက်ငါးသား ကျေးရွာနှင့် ငါးမိုင်ခန့်အကွာ တောထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုနေရာအနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေသည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာများတွင် ပြောဆိုထားသည်။

AA စစ်သားများ ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်သားများ ဝင်ရောက်လာပါက အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်းနှင့် လက်ရှိဖြစ်ပွားနေသော အခြေအနေများအပေါ် ကြားခံအဖွဲ့အစည်းများကတစ်ဆင့် ညှိနှိုင်းပေးနေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်နီးပါးကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် တိုက်ပွဲများ ယာယီရပ်တန့်နေခဲ့ရာ တစ်နှစ်ပြည့်ချိန်တွင် တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

နှစ်နှစ်နီးပါးကြာ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ လူထု နှစ်သိန်းကျော် အိုးအိမ်များ စွန့်ခွာကာ ဘေးလွတ်ရာစစ်ဘေးရှောင် စခန်းများတွင် ထွက်ပြေးခိုလှုံနေကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်အများစု နေရပ်မပြန်နိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required